တောင်ကြီး အောက်တိုဘာ ၁၀
အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/သူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုး နှံပေးခြင်းဖြင့် ကျောင်းသား/ သူများပညာသင်ယူခွင့် အခွင့်အလမ်းများရရှိလာစေရန်၊ အခြေခံပညာကျောင်းသား/ သူများတွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွါးမှု၊ သေဆုံးမှုကို လျော့ချရန်နှင့် ၎င်းကျောင်းသား/သူများမှတစ်ဆင့် မိသားစု၊ ပတ်ဝန်းကျင်သို့ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး မြို့နယ်အတွင်း မြို့ပြ/ကျေးလက်မကျန် အသက်(၁၂)နှစ်အထက် အခြေခံပညာ ကျောင်းသူ/ ကျောင်းသားများကို (ပထမ)အကြိမ်၊ ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးကို စနစ်တကျ ထိုးနှံပေးမည် ဖြစ်သဖြင့် အခြေခံပညာ ကျောင်း(၁၄၁)ကျောင်းတို့မှ အကျုံးဝင်သော ကျောင်းသား/သူ (၂၀၆၂၅) ဦးကို ဆေးထိုးနှံပေးမည့် အစီအစဉ်များနှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူး ဒေါက်တာ သင်းသင်းခိုင် အား တောင်ကြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက တွေ့ဆုံ မေးမြန်း၍ သိရှိရမှုများကို တင်ပြလိုက်ရပါသည်။
မေး။ ။ဆရာမကြီး၏ အမည်နှင့်တာဝန်ထမ်းဆောင်နေတဲ့ ရာထူးတာဝန်ကို သိပါရစေရှင့်။
ဖြေ။ ။ကျွန်မအမည်ကတော့ ဒေါက်တာသင်းသင်းခိုင်ဖြစ်ပါတယ်။ တောင်ကြီးမြို့နယ် မြို့နယ် ပညာရေးမှူး ဖြစ်ပါတယ်ရှင်။
မေး။ ။ဆရာမကြီးတို့ရဲ့ အထက်တန်း/အလယ်တန်းကျောင်းတွေမှာ နိုင်ငံတော်ရဲ့အစီအစဉ်နဲ့ အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးဖို့ စီစဉ်နေတယ်လို့ သိရတဲ့အတွက် ကာကွယ်ဆေးထိုးနှံဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေလေးကို သိချင်ပါ တယ်ရှင့်။
ဖြေ။ ။၁-၁၀-၂၀၂၁ ရက်နေ့မှာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်ကြီးကြပ်မှုကော်မတီက ၁၂ နှစ်အထက် အလယ်တန်း/ အထက်တန်းကျောင်းသားများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်း အတွက် အစည်းအဝေးခေါ်ယူဆွေးနွေးပါတယ် အစည်းအဝေးဆုံးဖြတ်ချက်များအရ ပညာရေးဌာနက ကြိုတင် ဆောင်ရွက်ထားရမယ့် လုပ်ငန်းများဖြစ်တဲ့ ကျောင်းသား/ သူများစာရင်း ကောက်ယူပြီး Excel Form မှာ လက်ရေးနဲ့ဖြည့်သွင်းရေး၊ VMIS စနစ်ထဲ ထည့်သွင်းမှုအဆင်ပြေရေး အတွက် ကွန်ပျူတာဖြင့် ကြိုတင်ဖြည့်သွင်းရေးများကို ၂-၁၀-၂၀၂၁ မှာ သက်ဆိုင်ရာ သတ်မှတ် ချက်နှင့် ကိုက်ညီတဲ့အထက်တန်း ကျောင်း ၂၇ ကျောင်း အထကခွဲ ၁၉ ကျောင်းစုစုပေါင်း အထက်တန်းအဆင့် (၄၆)ကျောင်း နှင့် အလယ်တန်းအဆင့်(၉၅)ကျောင်း၊ စုစုပေါင်း (၁၄၁) ကျောင်းမှ ကျောင်းသား/သူများစာရင်းကို Excel Form ထဲရေးသားဖြည့်သွင်းစေဖို့ Excel Form များကို ဖြန့်ဝေပေးခဲ့ပါတယ်။ ၄-၁၀-၂၀၂၁ မှာ ပြန်လည် ပေးပို့စေပြီး VMIS စနစ်ကွန်ပျူတာထဲသို့ TEO ရုံးမှ လက်ထောက် ကွန်ပျူတာ(၃)ဦးနှင့် အထက်တန်း ကျောင်းများမှ ကွန်ပျူတာတက်ကျွမ်း သူ(၃)ဦးကို ခေါ်ယူစေပြီး(၁၄၁)ကျောင်းစာကို ကျောင်းအလိုက် သီးသန့်ရိုက်သွင်း ထားရှိပါတယ်။ တောင်ကြီးမြို့နယ် အနေနဲ့ ၉၉.၉ ရာခိုင်နှုန်း စာရင်းရေးသွင်းခြင်း လုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်ပြီးဖြစ်ပါတယ်။ဆေးထိုးစုရပ်(၁၂)ကျောင်းက ကျောင်းအုပ်ကြီးများနှင့် အစည်းအဝေးကို အောက်တိုဘာလ ၂ ရက်နေ့မှာပဲ ပြုလုပ်ပြီး ကျောင်းမှာ ကြိုတင်ပြင်ဆင်ရမယ့် ဆေးမထိုးမီ စနစ်တကျ စီတန်းစေခြင်း၊ ဆေးထိုးစာရင်းသွင်းနေရာမှာ အခန်းမှာ စာရင်းသွင်းကောင်တာ (၄)ခုစီစဉ်စေခြင်း၊ ကလေးများအတွက် ထိုင်ခုံများ Social Distanmcingနှင့်အညီ စီထားပေးစေခြင်း၊ စာရင်းသွင်းရာမှာ ကလေးများအတွက် အခက်အခဲမရှိစေရေး အတန်းပိုင် ဆရာမများက ကြီးကြပ်ဆောင်ရွက်ပေးစေခြင်းများ ဆောင်ရွက်ထားဖို့ လမ်းညွှန်မှာကြားထားပါတယ်။
ကျောင်းအလိုက် ဆေးထိုးမှတ်တမ်းစာရွက်(သို့မဟုတ်) ဆန်းစစ်လွှာပုံစံ(ကျန်းမာရေးဌာနရဲ့ ကာကွယ်ဆေးမထိုးမီဖြည့်သွင်းရသော ပုံစံမှီငြမ်း)များကို ကျောင်း(၁၄၁)ကျောင်းကို ဖြန့်ဝေပေးထား ပါတယ်။ သက်ဆိုင်ရာ ကျောင်းအုပ်များက ကလေးမိဘများကို အစည်းအဝေးခေါ်ယူ၍ ကာကွယ်ဆေး ထိုးမည့်ကိစ္စနှင့်စပ်လျဉ်းပြီး သိရှိရမည့် ဆေးတည့်/မတည့် ၊ ဖျားနာမှုရှိ/မရှိ စသည့် မေးမြန်းဆွေးနွေးပြီးမှ ဆန်းစစ်လွှာ(ပြေစာ)မှာ အမည်၊ အဘအမည်၊ အတန်း၊ ကျောင်း၊ လိပ်စာ၊ ဖုန်းနံပါတ်တွေကို ဖြည့်သွင်း စေပါတယ်။
ဖြည့်သွင်းပြီး ပြေစာများကို ကျောင်းအုပ်ထံပြန်လည်အပ်နှံထားရှိစေပြီး ကျောင်းအုပ်ကြီးက သက်ဆိုင်ရာအတန်းပိုင်များကို Excel Form ကန့်လန့်ဖြတ်ဇယားမှာ ရေးသွင်းထားတဲ့ Social No အလိုက် ပြေစာပေါ်မှာ နံပါတ်စဉ်တပ်ပေးထားမှာ ဖြစ်ပါတယ်။ ဆေးထိုးမဲ့နေ့မှာ သက်ဆိုင်ရာ တစ်ကျောင်းချင်း အလိုက် Social No အရကလေးများကို စနစ်တကျ တန်းစီစေပြီး အတန်းပိုင်ရဲ့ ကြီးကြပ်မှုနဲ့ စာရင်းကို မှန်ကန်စွာဖြည့်သွင်းစေမှာ ဖြစ်ပါတယ်။ စာရင်းသွင်းပြီးပါက ဆေးထိုး အခန်းသို့ စနစ်တကျသွားရောက် ဆေးထိုးနှံပါမယ်။ ဆေးထိုးပြီးပါက နားနေခန်းမှာ မိနစ်(၃၀) နားနေစေဖို့ သက်ဆိုင်ရာကျောင်းအသီးသီးမှ ဆရာ/ဆရာမ များကြီးကြပ်မှုဖြင့် ဆောင်ရွက်သွား စေမှာ ဖြစ်ပါတယ်။
ဆေးထိုးစုရပ်ကျောင်းကို လာဘို့ ဝေးကွာသောကျောင်းများအနေဖြင့် ကျောင်းအုပ်ကြီး၊ ကျောင်း ကော်မတီ၊ ရပ်ကျေးတာဝန်ရှိ သူများနှင့် ပူးပေါင်းပြီး ကြိုပို့လုပ်ငန်းများ ဆောင်ရွက်သွားဘို့ စီစဉ်ညွှန်ကြား ထားပါတယ်ရှင်။
မေး။ ။တောင်ကြီးမြို့နယ်မှာ အခြေခံပညာကျောင်းအရေအတွက်နှင့် ကာကွယ်ဆေးထိုး နှံနိုင်မယ့် အသက်( ၁၂ )အထက် ကျောင်းသား/သူဦးရေ သိချင်ပါတယ်ရှင်။
ဖြေ။ ။ကျောင်းရေအတွက်(၁၄၁)ကျောင်း၊ ဆေးထိုးစုရပ်(၁၂)ကျောင်း သတ်မှတ်ထားပါတယ်။ ကျောင်းသား/သူဦးရေ အလယ်တန်း ၁၆၇၃၅ ဦး အထက်တန်း ၃၈၉၀ ဦး စုစုပေါင်း ၂၀၆၂၅ ဦး ထိုးနှံ ပေးမှာဖြစ်ပါတယ်။ ဘုန်းတော်ကြီးကျောင်းနဲ့ ကိုယ်ပိုင်ကျောင်းများကိုတော့ ဆက်သွယ် ဆောင် ရွက် ဆဲဖြစ်ပါတယ်။ ကိုယ်ပိုင်ကျောင်း အထက်တန်းအဆင့်(၂)ကျောင်း အလယ်တန်း အဆင့်(၁) ကျောင်း ပေါင်း (၃) ကျောင်း ကျောင်းသားဦးရေ(၈၁)ဦး ပါ။ ဘုန်းတော်ကြီးကျောင်း အလယ်တန်း အဆင့်(၆) ကျောင်း ကျောင်းသားဦးရေ (၅၈၁)ဦးပါ။ ဘုန်းတော်ကြီးကျောင်းနှင့် ကိုယ်ပိုင်ကျောင်း များကို ဆက်သွယ် ဆောင်ရွက်ပြီးပါက လက်ရှိထိုးနှံချိန် မမီခဲ့ရင် ကျောင်းဖွင့်ချိန်မှာ ထိုးနှံပေးနိုင်ဘို့ ကြိုတင် ညှိနှိုင်းပြင်ဆင်ထားပါတယ်ရှင့်။
မေး။ ။ကျန်းမာရေးဌာနကို ကျောင်းသား/သူ ဘယ်နှစ်ဦးစာ ဆေးလုံးတင်ပြတောင်းခံထားလဲရှင့်။
ဖြေ။ ။ကျန်းမာရေးဌာနကို တင်ပြတောင်းခံထားတဲ့ ဆေးအရေအတွက်က စုစုပေါင်း(၂၁၂၈၇) ဦးစာ ဘုန်းတော်ကြီးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများအတွက်ပါ ကြိုတင်တောင်းခံထား ပါတယ် ရှင့်။
မေး။ ။အသက်( ၁၂ )အထက် ကျောင်းသား/သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမယ့် အဖွဲ့ဘယ်နှစ်ဖွဲ့ရှိပြီးတော့ ကာကွယ်ဆေးထိုး စုရပ် (၁၂ ) ခုရဲ့နေရာလေးတွေသိချင်ပါတယ်ရှင့်။
ဖြေ။ ။ဆေးထိုးအဖွဲ့(၈)ဖွဲ့နဲ့ ဆေးထိုးစုရပ်(၁၂)ခုပါ။ အ.ထ.က(၁)၊ အ.ထ.က(၁၀)၊ အ.ထ.က (ရွှေညောင်)၊ အ.ထ.က (အေးသာယာ)၊ အဲဒီစုရပ်(၄)ခုမှာ ဆေးထိုးအဖွဲ့ (၁)ဖွဲ့စီထားရှိပါတယ်။ အ.ထ.ကခွဲ(ထီသိမ်)၊ အထ.က(ဇလဲ)(၁)ဖွဲ့၊ အ.ထ.က (တောင်နီ)+ အ.ထ.က သံတဲ(၁)ဖွဲ့၊ အ.ထ.က(ပန်သခွား)+ အ.ထ.က ခွဲ(နမ့်ဆီး)(၁)ဖွဲ့၊ အ.ထ.က(ဟမ်းဆီး)+ အ.ထ.က (ကျောက်တ လုံး)(၁)ဖွဲ့၊ ဆေးထိုးအဖွဲ့(၈)ဖွဲ့က စုရပ်(၁၂)ခုကို နေ့ရက်အလိုက် သွားရောက်ထိုးနှံပေးမှာ ဖြစ်ပါတယ်။
မေး။ ။ကာကွယ်ဆေးထိုးဖို့ အကျုံးဝင်တဲ့ ကျောင်းသား/ကျောင်းသူတွေကို သတ်မှတ်နေရာတွေမှာ လာရောက်ထိုးနှံဖို့ အသိပေးမှု တွေကို ဘယ်လိုဆောင်ရွက်ထားပါသလဲရှင့်။
ဖြေ။ ။သက်ဆိုင်ရာကျောင်း(၁၄၁)ကျောင်းမှ ကျောင်းအုပ်ကြီးများက တဆင့် မိဘအုပ်ထိန်းသူများ ကို အစည်းအဝေးခေါ်ယူ အသိပေးခြင်း၊ မေးမြန်းခြင်း၊ ရပ်ကျေးတာဝန်ခံများနှင့် ညှိနှိုင်း၍ Vinyl များကပ်စေခြင်း၊ ဆေးထိုးစုရပ် ဆေးထိုးနေ့ရက်များ ကျောင်းကြော်ငြာ သင်ပုန်းတွင် ကပ်ထား စေခြင်းများ ဆောင်ရွက်ထားပါတယ်။
မေး။ ။အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံရာမှာ အဆင်ပြေပြေ ဆောင်ရွက်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဌာန/အဖွဲ့အစည်းတွေကို သိပါရစေရှင့်။
မေး။ ။အသက် (၁၂) နှစ်အထက် ကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာ မှာ အဆင်ပြေဆောင်ရွက်နိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်နေတဲ့ ဌာနအဖွဲ့အစည်းတွေ့ကိုလဲ သိပါရစေရှင့်။
ဖြေ ။ ။တောင်ကြီးမြို့နယ်အတွင်းမှာတော့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ပညာရေး ၊ ကျန်းမာရေးမှ ဝန်ထမ်း ၊ လူမှုဝန်ထမ်း ဦးစီးဌာနဝန်ထမ်းများ ၊ မီးသတ် ၊ ကြက်ခြေနီ စတဲ့အဖွဲ့ အစည်းများမှလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေး ကြမှာ ဖြစ်ပါတယ်။
မေး ။ ။ဆရာမကြီးအနေနဲ့ ကျောင်းသား/ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပေးမှု အပေါ် ဆရာမကြီးရဲ့ ပီတိ စကား သံကိုလည်းကြားချင်ပါတယ်။ ကျန်းမာရေးရှု့ထောင့် ကနေ ဖြည့်စွက်ပြောချင် တာလေး ရှိရင် ပြောကြားပေးပါဦးရှင့်။
ဖြေ။ ။ကိုဗစ်-၁၉ကာကွယ်ဆေးထိုးထားရင် ကျောင်းသား/သူတွေအနေနဲ့ လုံခြုံစိတ်ချစွာ ပညာ သင်ကြားလို့ရတာပေါ့။ ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံထားတဲ့အတွက် ရောဂါဖြစ်လာခဲ့သည် ရှိသော် ပြင်းပြင်းထန်ထန် ခံစားရမှာ မဟုတ်ပါဘူး ၊ကူးစက်မှုကိုလည်း ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အခုလို ကျောင်းသား/ ကျောင်းသူတွေကာကွယ်ဆေး ထိုးနှံခွင့် ရရှိတဲ့ အတွက်ဝမ်းသာပီတိ လဲဖြစ်မိပါတယ်။ ကျောင်းသား/သူ တွေအနေနဲ့လည်း အခွင့်အရေးရတဲ့ အချိန်လေးမှာ ကိုဗစ် ကာကွယ် ဆေးထိုးကြပါလို့ တိုက်တွန်း ချင်ပါတယ်။ ကာကွယ်ဆေးထိုး နိုင်အောင် ဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူများ အားလုံးကို လည်းကျေးဇူး တင်ပါတယ်။
တွေ့ဆုံမေးမြန်းသူ - နိုင်ဝင်းထွန်း၊ အေးအေးစိုး
သတင်းမှတ်တမ်းဓာတ်ပုံ - စိုင်းသန်းကျော်