နမ့်ခမ်း အောက်တိုဘာ ၁၀
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်း တောင်ပေါ် တအာင်း(ပလောင်) ကျေးရွာများရှိ ကျေးရွာဒေသခံ ပြည်သူများက မိသားစု စာဝတ်နေရေး ပြေလည်စေရန် သစ်ဂျပိုးအခေါက် ဈေးကောင်းရရ၍ လုပ်ကိုင် ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။
နမ့်ခမ်းမြို့နယ်အတွင်း တောင်ပေါ် တအာင်း(ပလောင်) ကျေးရွာများရှိ ကျေးရွာဒေသခံ ပြည်သူများက လက်ဖက်ခြံနှင့် တောင်ယာလုပ်ငန်း အဓိကလုပ်ကိုင် စားသောက်သည့် ဒေသ ဖြစ်သော်လည်း ယခု ကိုဗစ်-၁၉ရောဂါ ကာလတွင် တစ်မြို့နှင့်တစ်မြို့၊ ကျေးရွာ တစ်နှင့်တစ်ရွာ သွားလာခက်ခဲကာ ကားလမ်းများနှင့် တရုတ်နယ်စပ် အဝင်အထွက်နေရာများ ပိတ်ထားသည့် အတွက် လက်ဖက်ခြောက်ဈေးကျဆင်းပြီး လက်ဖက်ဝယ်သူများ နည်းပါးလာသည့်အတွက် တောင်ပေါ်ဒေသရှိ ကျေးရွာပြည်သူများက မိသားစု စားဝတ်နေရေးနှင့် ငွေကြေး အခက်အခဲများ ရှိနေကြောင်း ကျေးရွာဒေသခံ ပြည်သူများထံမှ သိရသည်။
ယခုတွင် လက်ဖက်ခြောက် ဝယ်သူများ ရှားပါးလာသော်လည်း သစ်ဂျပိုး အခေါက် အရောင်းအဝယ် လုပ်ကိုင်လာသဖြင့် ကျေးရွာဒေသခံပြည်သူများက မိသားစု စားဝတ်နေရေး ပြေလည်စေရန် တောထဲတောင်ထဲတွင် သစ်ဂျပိုးအခေါက် ရှာဖွေခြင်း၊ အခေါက်ခွာခြင်း နေလှန်းခြင်း စသည်ကို လုပ်ကိုင်ကြပြီး သစ်ဂျပိုးအခေါက် အစိုသပိဿာ(၁၀၀၀)ကျပ်နှင့် အခြောက်(၂၅၀၀)ကျပ် ဈေးရနေသဖြင့် မိသားစု စားဝတ်နေရေး အခက်အခဲများကို သစ်ဂျပိုး အခေါက် လုပ်ကိုင် စားသောက်လျက်ရှိကြောင်း သိရသည်။
ဘဦး(နမ့်ခမ်း)