နမ္မတူ အောက်တိုဘာ ၁၀
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ယနေ့နံနက် (၈)နာရီခွဲအချိန်ခန့်ကစတင်ကာ အသက် (၄၅)နှစ်နှင့်အထက် ဒေသခံပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက် ရှိသည်။
ထိုသို့ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံပေးရာတွင် နမ္မတူမြို့နယ် အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံလိုသည့် စာရင်းပေးသွင်းထားသူများထဲမှ အသက်(၄၅)နှစ်နှင့်အထက်ဒေသခံပြည်သူများအား ထိုးနှံပေးခြင်းဖြစ်ပြီး ယခုအသုတ်တွင် COVILO အမျိုးအစားကာကွယ်ဆေး (၄၀)လုံးရရှိပြီး ကာကွယ်ဆေးတစ်လုံးလျှင် ၅ဦးနှုန်းဖြင့် အသက် (၄၅)နှစ်နှင့်အထက် ဒေသခံပြည်သူ ၂၀၀ ဦးအား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
အဆိုပါ ကိုဗစ်ကာကွယ်ဆေးထိုးနှံနေမှုအခြေအနေအား စစ်ဗျူဟာ (နမ္မတူ)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ဇေဝင်း၊ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ကျော်ဇောအောင်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကာ၊ ကာကွယ်ဆေး ထိုးနှံလျက်ရှိသည့် ဒေသခံပြည်သူများအား အားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့အပြင် ကာကွယ်ဆေးထိုးနှံရာနေရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှ ဆရာဝန်နှင့် သူနာပြုများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဆရာဝန်နှင့် သူနာပြုများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီသူမျာပြုတပ်ဖွဲ့နှင့် ပရဟိတအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများက ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးခဲ့သည်။
နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီအနေဖြင့် ဦးစားပေးအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ ၃၄၀၆ဦးအား ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံနိုင်ခဲ့ပြီး ယခုအခါ အသက် (၄၅)နှစ်နှင့်အထက် ဒေသခံပြည်သူ ၂၀၀ဦးအား ပထမအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးပြီးပြီဖြစ်သဖြင့် စုစုပေါင်း ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ ၄၃၅ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးထံက သိရသည်။
နမ္မတူမြို့နယ်တွင် ဇွန်လ (၁၆)ရက်နေ့မှ ယနေ့နံနက်ပိုင်းအချိန်အထိ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ၆၅၆ဦးရှိရာ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၅၇၅ဦးရှိကာ၊ ၁၈ဦး သေဆုံးခဲ့ပြီး၊ ဆေးကုသဆဲပိုးတွေ့လူနာ ၆၃ဦးရှိကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
လူမော် (ပြန်/ဆက်)