မုဒုံ အောက်တိုဘာ ၁၀
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၌ သီတင်းကျွတ်လပြည့်နေ့တွင် နှစ်စဉ်နှစ်တိုင်း ဗုဒ္ဓပူဇနိယ ပွဲတော်ကို ကျင်းပရာ ၂၀၂၁ခုနှစ် (၁၄၇)ကြိမ်မြောက် သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်အား ယခုနှစ်တွင် အကျဉ်းချုပ် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း ကန်ကြီးစေတီတော် ဂေါပကအဖွဲ့ထံမှ သိရသည်။
“ဗုဒ္ဓပူဇနိယပွဲတော်ကို ၂၀၁၉ ခုနှစ် (၁၄၅)ကြိမ်မြောက်တွင် မြို့နယ်လုံးကျွတ်မဟာသံဃိက ဆွမ်းခြောက်လောင်းလှူပွဲကြီး၊ ကန်ကြီးဆံတော်ရှင် စေတီတော်တွင် ဂေါပက အဖွဲ့ဝင်များ နှင့်အတူ မြို့သူ/မြို့သားများတို့က ဆီးမီး(၉၀၀၀)ကပ်လှူပူဇော်ပွဲနှင့် မြန်မာ့ ရိုးရာလှေလှော် သဘင်ပြိုင်ပွဲကို နှစ်ရက်ဆက်တိုက် ကျင်းပကြာင်း၊ ဘုရားဖူးဧည့်သည်တော်များ ထောင်နဲ့ချီ လာရောက်ကြကြောင်း အနယ်နယ်အရပ်ရပ်မှ စေတနာရှင် အလှူရှင်များတို့မှ ဘုရားဖူး ဧည့်သည်များကို စတုဒီသာကျွေးမွေးခြင်းဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ကြောင်း ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် အကျဉ်းချုပ်သာ ကျင်းပခဲ့ရာတွင် ယခုနှစ်တိုင် နှစ် နှစ်ရှိပြီဖြစ်ကြောင်း” ကန်ကြီးစေတီတော် ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါ ၂၀၂၁ ခုနှစ် ဗုဒ္ဓဗူဇော်ပွဲကို ဆံတော်ရှင်ကန်ကြီးစေတီတော်၌ ဆီးမီး(၁၀၀၀) ကပ်လှူ ပူဇော်ခြင်းနှင့် မုဒုံမြို့နယ်အတွင်းရှိ သြဝါဒါစရိယ ဆရာတော် သံဃာတော်ကြီး (၁၃)ပါးအား ဂေါပကအဖွဲ့ဝင်များနှင့်အတူ သက်ဆိုင်ရာ တာဝန်ရှိသူများတို့မှ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)