ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) များ ဆက်လက်ထိုးနှံပေးလျက်ရှိ

ရန်ကုန် အောက်တိုဘာ ၁၀

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း၊ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့်အသက်၅၅နှစ်နှင့် အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းနှင့် ကာကွယ်ဆေး ထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား၊ ကမ္ဘောဇလမ်းရှိ အ.မ.က(၃)မူလွန်ကျောင်း၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင်လည်း ကာကွယ်ဆေး လာရောက်ထိုးနှံကြသူများကို ကျန်းမာရေးဝန်းထမ်းများနှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များက သွေးအတွင်းအောက်ဆီဂျင် လည်ပတ်မှုနှုန်းတိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ရောဂါအခံရှိ၊ မရှိမေးမြန်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိသည်။

ဗဟန်းမြို့နယ်အတွင်းရပ်ကွက်ပေါင်း(၂၂)ရပ်ကွက်ရှိရာ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကိုထိုးနှံပေးလျက်ရှိပြီး အောက်တိုဘာ(၉)ရက်နေ့အထိ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံသူပေါင်း(၇၈၆၆)ဦးရှိကြောင်းသိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာ နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအသင်းများ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)