ရသေ့တောင်မြို့၌ အများပြည်သူအသိပညာဗဟုသုတတိုးပွားစေရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေး

ရသေ့တောင်    အောက်တိုဘာ    ၁၀

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ အများပြည်သူအနေဖြင့် အသိပညာဗဟုသတတိုးပွားစေရေးနှင့် စာအုပ် စာပေများကို ဖတ်ရှု့သည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် စာပီပလက်ဖောင်းအဖွဲ့တို့ပူးပေါင်း၍ ရွေ့လျားစာကြည့် တိုက်စနစ်ဖြင့် စာအုပ် စာစောင်များအခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့ ညနေပိုင်းက ရသေ့တောင်မြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းရှေ့တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ စာအုပ်စာစောင်များငှားရမ်းပေးရာတွင် စာဖတ်ပရိတ်သတ်များအနေဖြင့် အသက်အရွယ်အလိုက် စိတ်ဝင်စားမှုရှိသည့် သုတရသစာအုပ်များ၊ ဝတ္ထုစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြ၊ ဂျာနယ်များ၊ ရာဇဝင် သမိုင်းစာအုပ်များနှင့် ရခိုင်သမိုင်းစာပေများအား ခင်းကျင်းပြသငှားရမ်းပေးခဲ့သည်။

“ကျနော်တို့ စာပီပလက်ဖောင်းအဖွဲ့အနေနဲ့ ဒီလိုစာအုပ်စာပေတွေကို အများပြည်သူအလွယ် တကူ ဖတ်ရှုနိုင်ဖို့အတွက် ရွေ့လျားစာကြည့်တိုက်အဖြစ် ငှားရမ်းလာခဲ့တာ အခုဆို(၆)ကြိမ်မြောက်ရှိပြီးဖြစ် ပါတယ်။ အဓိကတော့ ကျနော်တို့မြို့မှာရှိတဲ့ ပြည်သူတွေကို ဗဟုသုတတိုးပွာစေချင်တယ်၊ စာအုပ်စာပေကို ဖတ်ရှုတဲ့အလေ့အကျင့်ရရှိစေချင်တယ်။ စာပေမှရရှိတဲ့အကျိုးကျေးဇူးတွေကို သိစေချင်တဲ့ရည်ရွယ်ချက် လေးနဲ့ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ အခုလို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်လည်း ကျနော်တို့ စာပီပလက်ဖောင်းအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးလည်းတင်ပါတယ်၊ ဝမ်းလည်းသာပါတယ်”ဟု  ရသေ့တောင်မြို့ စာပီပလက်ဖောင်းအဖွဲ့မှ မောင်ကောင်းသန့်အောင်က ပြောသည်။

“ အခုလို စာအုပ်တွေငှားပေးတာကို အရင်ကမသိခဲ့ဘူး။ ကျမက အရင်ကတည်းက စာအုပ်ဖတ်တာကို ဝါသနာပါတယ်၊ အခုလည်းလမ်းသွားရင်းတွေ့တာနဲ့ အဆင်သင့်ဖြစ်သွားတယ်။ ကျမက အသက်ကြီးပြီ ဆိုတော့ အဓိက ရာဇဝင်သမိုင်းစာအုပ်တွေကိုဖတ်တယ်။ အခုလိုငှားပေးတာကောင်းပါတယ်၊ ပြည်သူတွေ အသိပညာတွေတိုးပြီး အလွယ်တကူလည်းဖတ်ရှု့လို့ရတယ်လို့” စာဖတ်ပရတ်သတ်တစ်ဦးဖြစ်သည့် ဒေါ်ခင်မေကြီးက ပြောသည်။

အဆိုပါ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ရသေ့တောင်မြို့ပေါ်ရှိ လူစည်းကားရာနေရာများဖြစ်သည့် လမ်းဆုံ၊ လမ်းခွများတွင် အပတ်စဉ်စနေနေ့တိုင်း ပြည်သူများ လက်ဝယ် ရောက် အခမဲ့ငှားရမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်

မြို့နယ် (ပြန်/ဆက်)