ကွမ်းလုံ အောက်တိုဘာ ၁၀
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့တွင် "ပန်းခင်းစီမံချက်"ဖြင့် ယမန်နေ့နံနက် ၁၁နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ဗျူဟာအဖွဲ့(အခြေချ)၊ကွမ်းလုံမှ စစ်ဗျူဟာမှူး၊ ဗိုလ်မှူးကြီးမြင့်ဇော်က "နိုင်ငံသားအားလုံး ရသင့်သောအခွင့်အရေးတစ်ရပ်အဖြစ် တောင်တန်းမြေပြန့်၊ တိုင်းရင်း သားမရွေး အရွယ်ရောက်ပြီးသူတိုင်း ကိုင်ဆောင်သင့်သော ကတ်ပြားများ ကိုင်ဆောင်ခွင့်ရရှိ ရန် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး လူတစ်ဦးချင်းစီအတွက် နိုင်ငံသား စိစစ်ရေးကတ်ပြားသည် အလွန်အရေးကြီးသောကြောင့် ပြုလုပ်ရန်ကျန်ရှိနေသူများကိုလည်း ပြုလိုက်နိုင်ကြစေရန် လက်ဆင့်ကမ်းတိုက်တွန်းပေးစေလိုကြောင်း" အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။ဆက်လက်၍ အိမ်ထောင်စုလူဦးရေစာရင်း(၄၂)စုနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၁၂၃)ကတ်ကို စစ်ဗျူဟာအဖွဲ့(အခြေချ)ကွမ်းလုံမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မြင့်ဇော်၊ လားရှိုးခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူးနှင့် ကွမ်းလုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးတို့က လက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး တက်ရောက်လာသူများထဲမှ ဒေသခံ တစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါပန်းခင်းစီမံချက်သည် နိုင်ငံသားတစ်ဦး၏ တရားဝင်မှု၊ နိုင်ငံသားအခွင့်အရေးနှင့် လူမှုစီးပွားဘဝပြည့်စုံမှုရရှိစေရေးတို့အတွက် သတ်မှတ်ချက်နှင့်ကိုက်ညီသူများအား လက်ဝယ်အရောက်ကတ်ပြားများ ထုတ်ပေးနိုင်ရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူးထံမှ သိရသည်။
ဖြိုးမမ(ကွမ်းလုံ)