ချောင်းဆုံမြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး စာရင်းကောက်ယူ

ချောင်းဆုံ အောက်တိုဘာ ၁၀

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အထက်တန်းနှင့် အလယ်တန်းတွင် ပညာသင်ကြား နေသော အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ကျောင်းသားမိဘများအား  အသိပညာပေး ဆွေးနွေးခြင်းနှင့် ဆေးထိုးနှံ စာရင်းကောက်ယူခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ စာသင်ကျောင်းများတွင်   ဆရာ၊ဆရာမများမှ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများကို အချိန်မီ ပညာဆက်လက် သင်ကြားနိုင်ရေးအတွက် ကာကွယ်ဆေး ထိုးနှံခြင်းကို ပူးပေါင်းဆောင်ရွက်နိုင်ရေး ကျောင်းသားမိဘများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး လုပ်ငန်းနှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရှင်းလင်း ဆွေးနွေးပြီးနောက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းတွင် ၎င်းတို့ကိုယ်တိုင် သဘောတူ ပါကြောင်း ဝန်ခံကတိပြု လက်မှတ်ရေးထိုးသည့် စာရင်းများကို ကောက်ယူခဲ့ကြသည်။

ချောင်းဆုံမြို့နယ်တွင် အထက်တန်း(၁၄)ကျောင်း၊ အလယ်တန်း(၁၉)ကျောင်း၊ စုစုပေါင်း (၃၃) ကျောင်းရှိပြီး ကာကွယ်ဆေးထိုးနှံရန် လျာထား ကျောင်းသား၊ ကျောင်းသူ ဦးရေ (၅၉၂၃)ဦးကို ဆေးထိုးစုရပ်(၁၄)နေရာတွင် ဆေးထိုးအဖွဲ့()ဖွဲ့ခွဲ၍ ကာကွယ်ဆေး ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)