ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ စက်မှုဇုန်လုပ်သား  ၉၈၆ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

ရန်ကုန်     အောက်တိုဘာ     ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၄)ရပ်ကွက်၊ စက်မှု ဇုန်တွင် ၄၆၀ ဦးနှင့် ၂၇ ရပ်ကွက်ရှိ ပင်လုံအိမ်ရာတွင် ၅၂၆ ဦး စုစုပေါင်းစက်မှုဇုန်အလုပ်သမား (၉၈၆)ဦးအား ယမန်နေ့  နံနက် ၉ နာရီက ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်၏ လမ်းညွှန်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ပရဟိတ အသင်းအဖွဲ့များပူးပေါင်း၍ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက် ပေးပြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မှ တာဝန်ရှိသူများက ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။

ကာကွယ်ဆေးထိုးပြီးသူများကိုလည်း ကျန်းမာရေးဝန်ထမ်းများက မိနစ် ၃၀ နားနေစေခြင်း၊  ပုံမှန် အတိုင်း နေထိုင်စားသောက်ရန်၊ အပြင်သို့ထွက်ခွာရန်ရှိပါက ပါးစပ်နှာခေါင်းစည်း ဝတ်ဆင်ပြီးမှ ထွက်ခွာရန်၊ သွေးတိုး၊ ဆီးချိုရှိ သူများပိုမို၍ ဆေးထိုးနှံသင့်ကြောင်း၊ ဆေးထိုးပြီး(၃)ရက်အတွင်း အရက်၊ ဘီယာ ရှောင်ကျဉ် ကြရန်စသည်တို့ကို အသိပညာပေးမျှ ဝေပေးခဲ့သည်။

မြင့်မြင့်ရီ (ပြန်/ ဆက်)