ကော့မှူး၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် လာရောက်ရောင်းချပေး

ကော့မှူး အောက်တိုဘာ ၁၀

ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူများ အမှန်တကယ် လိုအပ်သော အခြေခံစားသောက်ကုန်များ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် မြန်မာနိုင်ငံဆန်စပါး ကုန်သည်များ အသင်း၏စီစဉ်မှုဖြင့် ယမန်နေ နံနက် ၉ နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့တွင် ဒေသခံပြည်သူများအား ဆန်၊ ဆီနှင့် အမဲသား၊ ဆိတ်သားများအား ဈေးနှုန်းသက်သာစွာဖြင့်လာရောက်ရောင်းချပေးနေကြောင်း သိရသည်။

ထို့သို့ရောင်းချရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမိုးကျော်နှင့် ဝန်ထမ်းများ ရဲတပ်ဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာများက ဈေးဝယ်လာပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မဖြစ်ပွားစေရေးအတွက် ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ဈေးဝယ်ယူ နိုင်ရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ဝိုင်းဝန်း ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါဈေးရောင်းချရာတွင် ဒေသခံပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရေးအတွက် ဧည့်မထ တစ်ပြည် လျှင် ငွေကျပ် ၁၀၀၀နှုန်းဖြင့် ဆန်ငါးပြည်တစ်အိတ်ကို ငွေကျပ် ၅၀၀၀ဖြင့် ဆန်အိတ်(၁၀၀) အိတ်အား လည်းကောင်း၊ ပေါ်ဆန်း တစ်ပြည်လျှင် ငွေကျပ် ၁၇၀၀ နှုန်းဖြင့် ဆန်ငါးပြည် တစ်အိတ်ကို ငွေကျပ် ၈၅၀၀ဖြင့် ဆန်အိတ်(၇၀) အိတ်အား လည်းကောင်း ဆီငါးဆယ်သား တစ်ဘူးကို ငွေကျပ် ၁၈၅၀ ကျပ်နှုန်းဖြင့် ဆီ(၁၅၀)ဘူးအား လည်းကောင်း၊ အမဲသားတစ်ဆယ်သားကိုငွေကျပ်(၁၂၀၀)နှုန်းဖြင့် (၁၅)ပိသာအား လည်းကောင်း၊ ဆိတ်သား တစ်ဆယ်သားကို (၁၇၀၀)ကျပ်နှုန်းဖြင့်(၂၅)ပိသာတို့ အားလာ ရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကျော်သူရ-ကော့မှူး(ပြန်/ဆက်)