ကျောက်မဲ အောက်တိုဘာ ၁၀
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က Book Club ၊ Women Club နှင့်Youth Club အသင်းများ ပြန်လည်ဖွဲ့စည်းခြင်း အခမ်းအနားကို ကျောက်မဲခရိုင်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူး ဒေါ်နှင်းရည်က Club အသင်းများပြန်လည်ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များကို ဦးစွာရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက် တက်ရောက်လာသည့် အဖွဲ့ဝင်များက အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့အနေဖြင့် ယခင်က Clubအသင်း(၃)ခုကိုဖွဲ့စည်းထားပြီးဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါကာလအတွင်း အဖွဲ့များအကြား လုပ်ငန်းများပူးပေါင်းဆောင်ရွက်မှုများ ခေတ္တ ရပ်နားခဲ့ရကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု လျှော့ပါးလာပြီဖြစ်သည့်အတွက် အသိပညာပေးလုပ်ငန်းများ ပြန်လည် ဆောင်ရွက်ရတော့မည်ဖြစ်ရာ ယခင်ရှိပြီး Clubအသင်းများကို ပိုမိုခိုင်မာအားကောင်းစေရေးအတွက် ပြန်လည်ဖွဲ့စည်းခြင်းဖြစ်ကြောင်း ခရိုင်ဦးစီးမှူး၏ ပြောကြားချက်အရသိရသည်။
အဆိုပါ ဖွဲ့စည်းထားသည့် Clubအသင်း များအနေဖြင့် စာဖတ်ဝိုင်းများ၊ ပြပွဲ/ ပြိုင်ပွဲများအစရှိသည့် အသိပညာပေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)