မြောက်ဦး အောက်တိုဘာ ၁၀
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း၌ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ထိရောက်စွာ ကုသနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များတွင် ယာယီဖွင့်လှစ်ထားသော နေရပ်စွန့်ခွာ စခန်းများ၌ လာရောက်ခိုလှုံ ရန်ရောက်ရှိနေကြသော အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm)ဆေးများ ဆက်လက် ထိုးနှံခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများမှ သတ်မှတ်စုရပ်နေရာများ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် ကိုဗစ်ကာကွယ်ဆေး (Sinopharm) ဆေးများအား မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီး၊ ပြည်နယ်ခရိုင်များနှင့် မြို့နယ်များတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မြန်မာနိုင်ငံအတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးလက်ဒေသများပါမကျန် ကိုဗစ်ကာကွယ် ဆေးများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက် ထိုးနှံပေးလျက်ရှိရာ၌ ဒိုင်းဂျီဘုန်းတော်ကြီးကျောင်းဟောင်းနှင့် ဒိုင်းဂျီဘုန်းတော်ကြီး ကျောင်းသစ်၌ ယာယီဖွင့်လှစ်ထားသော နေရပ်စွန့်ခွာစခန်းများမှ အသက်(၁၈)နှစ်အထက် ပြည်သူများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံမှီ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများဖြစ်သော ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် သွေးတွင်းအောက်ဆီဂျင် ပမာဏပြည့်ဝမှု ရှိ/မရှိ တိုင်းတာပေးခြင်းများနှင့် သွေးတိုး/ဆီးချိုရောဂါစသည့် ရောဂါများရှိ/မရှိတို့အား စနစ်တကျ စစ်ဆေးဆောင်ရွက်ပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်း များအား ရှင်းလင်း ဟောပြောခဲ့သည်။
ဆက်လက်၍ အဆိုပါဘုန်းတော်ကြီးကျောင်းရှိ နေရပ်စွန့်ခွာစခန်းမှ ပြည်သူများအား မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ၊ အောင်တပ်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် နေရပ်စွန့်ခွာစခန်း တာဝန်ခံများပူးပေါင်း၍ (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်ကာ ကွယ်ဆေးများ ဆက်လက် ထိုးနှံပေးရာတွင် ယနေ့နံနက်ပိုင်းအထိ ဒိုင်းဂျီ ကျောင်းဟောင်းနှင့် ကျောင်းသစ်ဘုန်းကြီးကျောင်း နေရပ်စွန့်ခွာပြည်သူ (၁၉၆)ဦးအား (Sinopharm) ကိုဗစ်-၁၉ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)