တပ်ကုန်းမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်များ မေးမြန်းခြင်း

တပ်ကုန်း အောက်တိုဘာ ၁၀

ဦးကျော်သူစိုး (တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ)

မေး။   ဆရာ  မင်္ဂလာပါ    အသက်(၁၂)နှစ်အထက်   ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စီမံဆောင်ရွက် ထားရှိမှု အခြေအနေများကို သိချင်ပါတယ်ရှင်။

ဖြေ။    ကျောင်းသား၊ ကျောင်းသူများကို  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက်  ကျွန်တော်တို့ တပ်ကုန်းမြို့နယ်အနေနဲ့ကတော့ ပညာရေးဝန်ကြီးဌာနရဲ့ စာရင်းများအရ (၁၄၀၆၂) ဦးရှိတယ်လို့ သိရပါတယ်၊ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ဆေးထိုးနေရာစုရပ်(၂) နေရာသတ်မှတ် ထားပါတယ်၊  ပထမဆေးထိုးနေရာကတော့ မြဝတီရပ်ကွက်၊ အမှတ်(၂)အ ခြေခံပညာအထက် တန်းကျောင်းနဲ့    ဒုတိယနေရာကတော့ ရွှေမြို့ကျေးရွာအုပ်စု၊ ရွှေမြို့ (အ.ထ.က) နေရာခွဲခြားပြီး   ကာကွယ်ဆေးထိုးရန်  စီစဉ်ဆောင်ရွက်ထားပါတယ်၊ ကာကွယ်ဆေးထိုးမယ့် ရက်ကတော့ ကျွန်တော်တို့ အောက်တိုဘာ(၁၂)ရက်နေ့ကနေ စတင်ထိုးနှံတော့မှာဖြစ်ပါတယ်။

မေး။   ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေစေရေးအတွက် ဖွဲ့စည်းတာဝန်ပေး ဆောင်ရွက် ထားရှိမှု အခြေအနေများ သိပါရစေ ရှင်၊

ဖြေ။    ကာကွယ်ဆေးထိုးနှံရာတွင်    ဆေးထိုးအဖွဲ့အနေနဲ့ကတော့  ကျွန်တော်တို့ အထက(၂)မှာ အဖွဲ့နှစ်ဖွဲ့ရှိမယ်၊ တစ်ဖွဲ့မှာ လူဦးရေ(၁၅)ယောက်နှုန်းနဲ့  ဆောင်ရွက် ထားပါတယ်၊ ဆေးထိုးစုရပ်မှာ စာရင်းရေးသွင်းသူ၊   နေရာချထားတဲ့သူ၊ ကျန်းမာရေးအရ  စောင့်ရှောက်ပေမယ့်သူ၊ လုံခြုံရေး အစရှိတာတွေကို ဆောင်ရွက်ထားပါတယ်၊ ရွှေမြို့(အ.ထ.က)ကျောင်းမှာလည်း အဖွဲ့နှစ်ဖွဲ့ တာဝန်ချထားပြီ ကာကွယ်ဆေးထိုးနှံပေး သွားမှာဖြစ်ပါတယ်၊  ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများမှာ စာရင်းဇယားတွေ   မှန်မှန်ကန်ကန် ရရှိရေး၊    လိုအပ်တဲ့ အုပ်ထိန်းသူတွေရဲ့   သဘောတူညီချက် ရရှိရေးဆောင်ရွက်ဖို့ကိုလည်း မြို့နယ်အဆင့် ကြီးကြပ်မှုအဆင့်မှာလည်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး၊ ကျန်တဲ့မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်တွေ၊ ပါဝင်ဆောင်ရွက်ရမယ့် ဌာနဆိုင်ရာတွေ၊ လူမှုရေးအဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ပြီးတော့ ဆောင်ရွက်မှာ ဖြစ်ပါတယ်၊ ကာကွယ်ဆေးထိုးနှံမယ့် ရက်တွေမှာလည်း လူစုလူဝေးမဖြစ်ပေါ်စေရေး၊  စည်းကမ်းတကျ ဖြစ်စေရေး၊ သွားလာမည့် အချိန်တွေက စပြီးတော့မှ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ၊ သက်ဆိုင်ရာပညာရေးမှူးတွေ၊  ကျောင်းအုပ်ဆရာကြီး/  ဆရာမကြီးတွေနဲ့ ပေါင်းစပ်ဆောင်ရွက် ထားပါတယ်၊ အဓိကကတော့ ကာကွယ်ဆေးထိုးနှံမယ့်နေ့တွေမှာ   ကျန်းမာရေးဆိုင်ရာများ ထိထိရောက်ရောက်  စောင့်ရှောက်မှုပေးနိုင်အောင်လည်း  ကျွန်တော်တို့  မြို့နယ်အနေနဲ့စီမံဆောင် ရွက်ပြီးဖြစ်ပါတယ်။

မေး။   အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို   ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို   သိချင်ပါတယ်ရှင်၊

ဖြေ။    အသက်(၁၂)နှစ်အထက်  ကျောင်းသား၊ ကျောင်းသူများကို  ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရေးအတွက် အသိပညာပေး လုပ်ငန်းများကတော့ ကာကွယ်ဆေးထိုးနှံတဲ့ အချိန်မှာ   ဆေးမထိုးနှံသင့်တဲ့ သူတွေရှိပါတယ်၊ အဲ့ဒါတွေကို  ရပ်ကွက်၊ ကျေးရွာအလိုက် အများပြည်သူများ ပိုမိုကျယ်ကျယ် ပြန့်ပြန့်သိရှိအောင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနဲ့ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက အသိပညာပေးတဲ့ လုပ်ငန်းတွေ၊ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေအစရှိတဲ့ အသိပညာပေး လုပ်ငန်းတွေကို ဆောင်ရွက်ထားပါတယ်၊

ဦးဝေလင်းအောင် (တပ်ကုန်းမြို့နယ်ပညာရေးမှူးရုံး  ၊ဒုတိယပညာရေးမှူး)

မေး။   ဆရာ  မင်္ဂလာပါ     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့အတွင်း အခြေခံ ပညာကျောင်းများ ဘယ်လောက်ရှိပါသလဲရှင်၊

ဖြေ။    ဟုတ်ကဲ့ပါခင်ဗျာ  တပ်ကုန်းမြို့နယ်အတွင်းမှာ အခြေခံပညာကျောင်း (၁၆၇)ကျောင်း ရှိပါတယ်၊ ဘုန်းတော်ကြီးသင်ကျောင်းက (၆)ကျောင်းနှင့် ကိုယ်ပိုင်သင်ကျောင်းက   (၁၃)ကျောင်း၊ စုစုကျောင်းပေါင်း(၁၈၆)ကျောင်းရှိပါတယ် ခင်ဗျာ။

မေး။   ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမည့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ ဘယ်လောက် ရှိပါသလဲရှင်၊

ဖြေ။    အသက်(၁၂)နှစ်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမည့်  ကျောင်းသား၊ ကျောင်းသူများကတော့ (၁၃၁၀၀)ဦးရှိပါတယ် ခင်ဗျာ။

မေး။   အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံမည့် အစီအစဉ်များ ဆောင်ရွက်ထားရှိမှု အခြေအနေများကို သိချင်ပါတယ်ရှင့်။

ဖြေ။    ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို အသက်(၁၂)နှစ်အထက်  ကျောင်းသား၊ ကျောင်းသူများအား ထိုးနှံပေးမည့် အစီအစဉ်များ ဆောင်ရွက်ထားရှိမှု အခြေအနေများကတော့ ကာကွယ်ဆေး ထိုးနှံမည့် စုရပ်နေရာ(၂)နေရာကို တပ်ကုန်းမြို့နယ်၊ မြဝတီရပ်ကွက်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်း  ဆေးထိုးစုရပ်တစ်ခု ထားပါတယ်၊  အဲဒီမှာ ကျောင်းသား၊  ကျောင်းသူ (၁၁၅၀၁)ဦးနဲ့ ရွှေမြို့ကျေးရွာအုပ်စု၊ ရွှေမြို့(အ.ထ.က)မှာ ကျောင်းသား၊ ကျောင်းသူ (၁၅၉၉)ဦးတို့ကို ထိုးနှံပေးနိုင်ရန်အတွက် စာသင်ဆောင်များကို ကြိုတင်ပြင်ဆင် ထားရှိပါတယ်၊ နောက်ပြီး အရန်ဆေးထိုးစုရပ် နေရာကတော့ ဗိုလ်မင်းရောင်ရပ်ကွက်၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)ကိုလည်း စီစဉ်ထားပါတယ်၊ မြို့နယ်ပညာရေးမှူးရုံးအနေနဲ့ ကာကွယ်ဆေးထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ဆေးထိုးနှံရေးအတွက် ကြိုတင်နေရာချထားရေး၊ ကွန်ပျူတာနဲ့ စာရင်းရေးသွင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဆရာ/ဆရာမများကို တာဝန်ခွဲဝေပေးပြီး၊ မြို့နယ်ပညာရေးမှူးနှင့် သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီးများက အနီးကပ်ကြီးကြပ် ဆောင်ရွက်သွားမည် ဖြစ်ပါတယ်၊ အကယ်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမည့်  ကျောင်းသား၊ ကျောင်းသူများ ဆေးထိုးစုရပ်သို့သွားရန် အခက်အခဲရှိပါက ကြို/ပို့ မော်တော်ယာဉ်များ ပံ့ပိုးကူညီနိုင်ရန်လည်း ဆောင်ရွက်ထားပါတယ်၊

မေး။   ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမည့်  ကျောင်းသား၊ ကျောင်းသူများ၏ မိဘများနှင့် ညှိနှိုင်းဆောင်ရွက်ထားရှိမှု အခြေအနေများ သိပါရစေရှင့်၊

ဖြေ။    သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက မိမိကျောင်းမှာ ကျောင်းအပ်နှံထားသော အသက် (၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများ၏ မိဘများထံသို့ ဆက်သွယ်ပြီး ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံနိုင်ရေး ကာကွယ်ဆေးထိုးစုရပ်နေရာနှင့် အချိန်အစီအစဉ်များကို ကြိုတင်အသိပေး အကြောင်းကြားပြီဖြစ်ပါတယ် ခင်ဗျာ။

မေး။   အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကိုလည်း သိချင်ပါတယ်။

ဖြေ။    တပ်ကုန်းမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ကင်းဝေစေရေးနဲ့ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး၊ ဘေးကင်းလုံခြုံပြီး ရောဂါကင်းစင်သော ပတ်ဝန်းကျင်မှာ နေထိုင်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အဆင်ပြေ ချောမွှေ့စွာထိုးနှံနိုင်ရန် သက်ဆိုင်ရာဌာနဆိုင်ရာမျာနှင့် ပူးပေါင်းပြီး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

သတင်းတွေ့ဆုံမေးမြန်းသူ- တင့်တင့်ခိုင်၊ တင်စိုးလွင်

ဓာတ်ပုံမှတ်တမ်း- တင်စိုးလွင်၊ ပြန်ဆက်ရုံး၊တပ်ကုန်းမြို့