တာချီလိတ် အောက်တိုဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်မှ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းတွင် ရောဂါဖြစ်ပွားပြီး ပြန်လည်ကျန်းမာကောင်းမွန်လာသည့် ပြည်သူတစ်ဉီးထံမှ ရောဂါဖြစ်ပွားစဉ် တွေ့ကြုံခံစားရမှုအခြေအနေများကို ယမန်နေ့က သွားရောက်၍ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
ဦးအားပူ(တာချီလိတ်)
ကျွန်တော့် အမည်က ဦးအားပူပါ၊ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁)မှာ နေထိုင်ပါတယ်၊ အသက်က (၅၆)နှစ်ပါခင်ဗျ။ ကျွန်တော် စဖျားတော့ ကိုယ့်ကိုကိုယ် မယုံတာနဲ့၊ ဆေးရုံမှာ ဆေးစစ်ကြည့်လိုက်တယ်၊ အဲမှာ ပိုးတွေ့ အဖြေရတယ်၊ အဲတာနဲ့ ကျွန်တော့် မိသားစုတွေကော စစ်ကြည့်တယ်၊ မိသားစု လေးယောက်ရှိတာ၊ သုံးယောက် ပိုးတွေ့ပြီး သားအကြီးတစ်ယောက်ပဲမတွေ့တာ၊ သူကသီးသန့်နေတယ်ခင်ဗျ၊ ကျွန်တော်ရယ်၊ အမျိုးသမီးရယ်၊ သားငယ်ရယ် ကျွန်တော်တို့ မိသားစုသုံးယောက် ပိုးတွေ့တယ်ဗျ၊ ကျွန်တော်တို့ နေထိုင်တဲ့အိမ်ကို အသွားအလာ ကန့်သတ်ထားပြီး သီးသန့် နေထိုင်ကြရပြီး ဆေးကုသမှု ခံယူရတယ် ခင်ဗျ။
ကိုဗစ်-၁၉ ရောဂါ စဖြစ်တာက စစခြင်း အဖျားဝင်လာတယ်၊ ဖျားတာက ငှက်ဖျား ဖျားသလို ချမ်းစိမ့်စိမ့် ဖျားတယ်၊ ညောင်းကိုက်တယ်၊ အဲတာက ၃ ရက် ၄ ရက်လောက်ထိဖြစ်တယ်၊ စဖျားပြီဆိုကတည်းက ဆေးဝါးကုသမှု ခံယူတယ် ၊ ဆေးထိုးတယ်၊ အဖျားက ပျောက်တယ်၊ နောက်ပိုင်း ၇ ရက် ၈ ရက်နေတော့ အမောတွေ စဝင်လာတယ်၊ နောက်ပြီး အစားအသောက်တွေ မစားချင်ဘူး ၊ အစားအသောက်ပျက်တာကတော်တော်ပျက်တာ ရိုးရိုးပျက်တာမဟုတ်ဘူး၊ ဘာမှ စားချင်စိတ်မရှိတာ၊ အချိုဓါတ်နဲ့ပတ်သက်တာပဲ စားချင်တာ အရည်၊ အချိုရည်တွေပဲ သောက်လို့ အဆင်ပြေတယ်၊ ကျန်တာ စားချင်စိတ် မရှိဘူး၊ သူက အစားအသောက်တွေကို စားမယ်ဆို အစာရဲ့အနံ့ကိုမရပဲ အနံ့ဆိုးကြီးတစ်မျိုးရတယ်၊ အဲအနံ့ကြီးက ပါးစပ်လည်ချောင်းထဲမှာစွဲနေတာ ခင်ဗျ။ ဒါပေမဲ့ ကျွန်တော်တို့မိသားစု ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးဝါးကုသမှု ခံယူတယ်၊ ဆေးကိုပုံမှန်သောက်တယ်၊ ပုံမှန်အိပ်တယ်၊ ပုံမှန်စားတယ်၊ စားချင်စိတ်မရှိလည်း ကြိတ်မှိတ်စားတယ် ခင်ဗျ။ စွပ်ပြုတ်တွေ၊ အားရှိတဲ့အစားအစာတွေ ကြိတ်မှိတ်စားတယ်၊ အဓိကက စိတ်ဓါတ်ပေါ့ ၊စိတ်ဓါတ်မကျအောင် နေထိုင်တယ်၊ အဲလိုနဲ့ ၁၈ ရက်လောက် နေတော့ ကျွန်တော်တို့ ရောဂါပျောက်ကင်းသွားတယ်ခင်ဗျ၊ ကိုယ်ခံအားကောင်းရင် ကိုဗစ်-၁၉ က မဝင်နိုင်ဘူးလို့တော့ ကျွန်တော့်ထင်တယ်ခင်ဗျ။ ကိုယ်ခံအားကောင်းအောင် နေထိုင်ကြပါ ခင်ဗျ။
ကိုဗစ်-၁၉ ရောဂါ ခံစားရပြီဆို တော်တော်ခံစားရတယ်ဗျ၊ ကျွန်တော်လက်တွေ့ပါဗျ၊ ခု ကျွန်တော်ပျောက်ကင်းတာ တစ်လနီးပါးရှိပြီ ၊ ခုချိန်ထိမောတုန်းပဲ၊ တအားလှုပ်လှုပ်ရှားရှား မရသေးဘူး၊ ကိုဗစ်-၁၉ မောတာက ရိုးရိုးအားကစား လုပ်ပြီး မောတာနဲ့မတူဘူး၊ ရင်ဘတ်တစ်ခုလုံးချုံ့ပြီး မောတာဗျ၊ အဲကြောင့် ကျွန်တော် ပြည်သူ များကို အကြံပြုချင်တာက ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ သွားလာ နေထိုင်ကြဖို့၊ အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်ကြဖို့ အခြားသူများနှင့် အနည်းဆုံး (၆)ပေကွာနေဖို့၊ လက်ကိုဆပ်ပြာဖြင့် မကြာခဏ ဆေးကြောသန့်စင်ဖို့ မိမိတို့၌ရောဂါပိုး ကူးစက်ခံနေရသည်ဟု သံသယရှိပြီဆို နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံးဆက်သွယ် သွားရောက်ပြီး မပျက်မကွက် စစ်ဆေး ကုသမှုခံယူကြဖို့ အကြံပြုချင်ပါတယ်ခင်ဗျ။ နောက်ပြီး ကျွန်တော်တို့နိုင်ငံက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတွေ အခမဲ့ ထိုးပေးနေပါတယ်၊ အဲဒါကိုလည်း ပြည်သူများအားလုံးက မထိုးရသေးရင် မပျက်မကွက် သွားရောက် ထိုးနှံကြဖို့ လိုအပ်မယ်လို့ တိုက်တွန်း နှိုးဆော်ချင်ပါတယ်ခင်ဗျ။ ကျေးဇူးတင်ပါတယ်ခင်ဗျ။
ဇင်ဇင်(ပြန်/ဆက်)၊ ယာဆေး(ပြန်/ဆက်)