ရွှေကူ အောက်တိုဘာ ၉
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၊အမှတ်(၄)ရပ်ကွက်တွင် နေထိုင်သည့် အသက်(၂၇)နှစ် အရွယ် မဇာဇာဝင်းသည် ပြီးခဲ့သည့် သြဂုတ်လ(၁)ရက်မှ စက်တင်ဘာလ( ၂)ရက်နေ့ အထိ တစ်လအတွင်း ကိုဗစ်−၁၉ ရောဂါပိုး နှစ်ကြိမ်ကူးစက်ခံခဲ့ရပြီး Quarantine Centre နှင့် Home Quarantine အဖြစ်ရက်ပေါင်း (၅၄)ရက်ကြာနေထိုင်ခဲ့ပြီးမှ ကျန်းမာရေးပြန်လည်ကောင်းမွန် လာမှုနှင့်ပတ်သက်၍ ရင်တွင်းစကားသံကို ခုလိုပဲ ရေးသားဖော်ပြလိုက်ရပါတယ်။
ဒေါ်ဇာဇာဝင်း (အမှတ်−၄ ရပ်ကွက်၊ရွှေကူမြို့)
“ ကျွန်မနာမည်က မဇာဇာဝင်း ဖြစ်ပါတယ်။ အမှတ်(၄)ရပ်ကွက်မှာနေထိုင်ပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငယ်တန်းစာရေး ဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။ အသက် (၂၇)နှစ် ရှိပြီဖြစ်ပါတယ်။ ကျွန်မကတော့ ထူးထူးခြားခြားပါပဲ။ တစ်လအတွင်းမှာ ကိုဗစ်−၁၉ ရောဂါကို(၂) ကြိမ်တိုင်တိုင် ကူးစက်ခံရပြီး ပျောက်ကင်းလာတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ကိုဗစ်−၁၉ရောဂါ ဘယ်လိုကူးစက်ခဲ့လဲဆိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ကျန်းမာရေးဌာနနဲ့ ပူးပေါင်းပြီး ရွှေကူမြို့ အောက်လေးလမ်းဆုံမှာရှိတဲ့ ကျန်းမာရေးစစ်ဆေးပေးတဲ့ Centre မှာ ပူးပေါင်းဆောင်ရွက်ရင်း ကူးစက်ခံရတာဖြစ်ပါတယ်။ အဲ့ဒီအချိန်က ရွှေကူမြို့ကို Stay at Home မချရသေးတော့ ကားအဝင်/အထွက်တွေကများတယ်ရှင့်။ ရောဂါကူးစက်မှုနှုန်းကလဲ အရမ်းကို မြှင့်တက်နေတဲ့အချိန်ဖြစ် ပါတယ်။ ဇူလိုင်လ(၂၈)ရက်နေ့မှ ကျမစဖျားပါတယ်။ ရောဂါလက္ခဏာ အနေနဲ့တော့စစချင်းချောင်း ဆိုး၊နှာစေးပြီးတော့ ဖျားလာတယ်။ နောက်(၄)ရက်လောက် နေတော့ အနံ့ပျောက်သွားပါတယ်။ ဒါနဲ့ မြို့နယ်ပြည်သူ့ဆေးရုံမှာ ကိုဗစ်−၁၉ ပိုးရှိ/မရှိ စစ်ဆေးတဲ့ အခါ Positive ဖြစ်နေပါတယ်။ မှတ်မှတ်ရရပါပဲရှင့်။ ပိုးတွေ့တယ်ဆိုပြီး ကိုယ့် နာမည် အအော်ခံ လိုက်ရတဲ့ ခံစားချက်က ဘာနဲ့မှ မတူဘူးရှင့်။ ကျွန်မရဲ့စိတ်နဲ့ ကိုယ်ကို စည်းခြား သွားသလိုပါပဲ၊ ဘယ်လိုပြောရမလဲ ဝမ်းနည်း တာရော၊ အားငယ်တာရော စုံသွားပါ တယ်ရှင့်။ ပြီးတော့ ငါဒီရောဂါကြီးနဲ့သေရတော့မှာလား၊ ဒီရောဂါကြီး ငါ့မှာရှိနေပါလား ဆိုတဲ့အသိက ဆောက်တည်ရာ မရခံစားခဲ့မိပါတယ်။ အဓိက ကတော့ “စိတ်” ပေါ့။ အဲ့ဒီစိတ်နဲ့ပဲ ပိုးတွေ့ပြီး နှစ်ရက် သုံးရက် အထိ ထမင်းမစားနိုင်ဘူး။ စိတ် ဓါတ်တွေကျတယ်။ ရက်လေး နည်းနည်းကြာလာမှ ကိုယ့်လိုရောဂါသည်တွေ အများကြီးရှိပါလား၊ ငါတစ်ယောက်ထဲ မဟုတ်ဘူး ဆိုတဲ့စိတ်နဲ့ ထမင်းကို မစားချင်လဲ အတင်းဖိစားတော့တာ။ အနံ့ကမရတော့ အစာစား ချင်စိတ်ကို မနည်း နှိုးဆွရတယ်။ ခက်ခက်ခဲခဲပါဘဲ။ ရောဂါကူးစက်ခံရ တဲ့ကာလ အတွင်း ကျန်းမာရေး စောင့်ရှောက်မှုအနေနဲ့ကတော့ ကျွန်မတို့ Quarantine Centre မှာ(Positive) ဖြစ်တဲ့လူနာ အချင်းချင်း သွေးပေါင်တိုင်း၊ အောက်ဆီဂျင် အတက်အကျနဲ့ ကိုယ်အပူချိန်တိုင်းတဲ့ အဖွဲ့က နေ့စဉ် လာတိုင်းပေးပါတယ်။ သူတို့ကျန်းမာရေးလာစစ်ပေးတဲ့ အချိန် ကိုယ်ခံစားနေရတဲ့ ဝေဒနာကို ပြောပြရတယ်။ အဲ့ဒီအဖွဲ့ကတစ်ဆင့် ဆရာဝန်ကြီးဆီ ဖုန်းဆက်ပြီးပြောပြ ဆေးပေး လုပ်ပေးပါတယ်။ ကျွန်မကတော့ သွေးပေါင်လေးကျတာကလွှဲရင် ရောဂါဒဏ်ကို ဆိုးဆိုး ဝါးဝါးကြီး ခံစားခဲ့ရတာမျိုးတော့မကြုံခဲ့ရဘူးရှင့်။ အောက်ဆီဂျင်တွေလဲ ပုံမှန်ကောင်းနေတယ် ဆိုတော့ ဒီလိုနဲ့ဘဲ လယ်ပြင်ကြီးရှိ အိုးအိမ်ဝန်ထမ်းအိမ်ယာ Facility Quarantine Centre မှာ Home Quarantine အပါ (၁၇) ရက်အထိ ကျွန်မနေခဲ့ပါတယ်။
နောက် ကျွန်မအိမ်ပြန်လာပြီး အလုပ်တွေကို ပုံမှန်ပဲပြန်လုပ်ပါတယ်။ ၂−၉−၂၀၂၁ ရက်နေ့ မှာတော့ ကျွန်မတို့ရုံးစီမံချက်နဲ့ မဖြစ်မနေ တစ်ရုံးလုံးရောဂါပိုးပြန်စစ်ရမယ်ဆိုလို့ ကျွန်မလဲ ပြန်စစ်ပါတယ်။ ပြန်စစ်တော့ ဒုတိယအကြိမ် Positive ဖြစ်နေရော။ ဟာ… ဘာပြောရမှန်းကို မသိတော့ဘူး။ Quarantine Centre ကနေပြန်လာခဲ့တာမှ(၁၅)ရက်ရှိသေးတယ် ဒုတိယ တစ်ကြိမ် ဆိုတော့ ပထမအကြိမ်ပိုးတွေ့တုန်းက ခံစားချက်ချင်းမတူတော့ဘူး။ သေသွားလဲ အေးရော ဟာ… ဆိုပြီး Facility Quarantine Centre ကိုပြန်ရောက်သွားတယ်။ စိတ်ပျက်တယ် ဆိုပေမယ့်လဲ အရင် တစ်ခါကထက်တော့ ကျန်းမာရေးကို ပိုပြီးဂရုစိုက်ဖြစ်တယ်။ ဘာလို့လဲ ဆိုရင် ဒီလိုပိုးနှစ်ကြိမ်ဆက် တိုက်တွေ့တဲ့သူက ရွှေကူမြို့နယ်အတွင်းမှာ ကျွန်မတစ်ယောက်ပဲ ထူးထူးခြားခြားဖြစ်တော့ ပိုပြီး ကြောက်အားငယ်ခဲ့ရသလို စိတ်ဓါတ်မကျအောင်လဲ ကိုယ့်ကို ကိုယ် အားပေးခဲ့ရတာပေါ့။ ရောဂါပိုးကူးစက်ခံခဲ့ရတဲ့(၂)ကြိမ်လုံးမှာတော့ ရောဂါဒဏ်ကို အပြင်း အထန်ခံစားခဲ့ရတာမျိုးတော့ မရှိခဲ့ဘူး ရှင့်။ဒါကလဲ ကိုဗစ် ကာကွယ်ဆေးထိုးထားတဲ့ အကျိုးကြောင့် ဝေဒနာကို ဆိုးဆိုး ဝါးဝါးမခံစားရပဲ သက်တာပျောက်ကင်းလာတယ်ပဲ ပြောရမှာ ပေါ့။ ကျွန်မက ကိုဗစ်−၁၉ ကာကွယ်ဆေး နှစ်ကြိမ်လုံး ထိုးပြီးပါပြီရှင့်။ ကာကွယ်ဆေး ထိုးပြီးသူတွေ ရောဂါမကူးစက်နိုင်ဘူး မဟုတ်ဘူးရှင့်။ ကူးစက်နိုင်ပါတယ်။ ကာကွယ်ဆေးက ရောဂါကူးစက်မှုကို မရပ်တန့်နိုင်ပေမယ့် ကျွန်မလို(၂)ကြိမ် ကူးစက်ခံ ရတဲ့သူကိုတောင် ကိုဗစ်−၁၉ ကို အနိုင်တိုက်လာနိုင်ပြီး ပြန်လည်ကောင်းမွန် လာစေပါတယ်။ ဒါကြောင့် ကျမပြော ချင်တာကတော့မိဘပြည်သူတွေအနေနဲ့လဲ ကာကွယ်ဆေးကို မဖြစ်မနေထိုး ထားကြပါ။ နိုင်ငံတော်က အခမဲ့ထိုးပေးနေတာဟာ မိမိတို့အသက်အိုးအိမ် အတွက် ပါ။ ကာကွယ် ဆေးထိုး ထားတဲ့သူနဲ့ မထိုးထားတဲ့သူက ရောဂါကူးစက်ခံရတဲ့အခါ ကိုယ်ခံအား၊ ခံနိုင်ရည်ချင်း မတူပါဘူးရှင့်။
နောက်ဆုံးအနေနဲ့ ကျွန်မပြောလိုတာကတော့ ကိုဗစ်−၁၉ရောဂါ ကူးစက်ခံရတဲ့သူတွေအ နေနဲ့လဲ စိတ်ဓါတ်မကျကြပါနဲ့။ကျွန်မလို (၂)ကြိမ်ကူးစက်ခံရတဲ့သူတောင် ပြန်ကောင်း လာတာ ပဲ။ မိမိစိတ်ကသာ အဓိကပါ။ ရောဂါပိုးကို အနိုင်တိုက်ပီး မိသားစုတွေဆီပြန်လာခဲ့ပါ။ ကျန်းမာ ရေးဌာနက လမ်းညွှန်ချက်တွေကိုလဲ လိုက်နာပြီးနေထိုင်ကြပါ။ အာဟာရရှိတဲ့ အစားအစာ တွေကိုလဲ များနိုင်သမျှ များများစားပြီး၊ အိပ်ရေးဝဝအိပ်ပါလို့ မှာချင်ပါတယ်ရှင့်။
ခင်ပပသိန်း