ကျိုင်းတောင်း အောက်တိုဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး၍ ဆေးထိုးပြီးကြောင်း လက်မှတ်ရရှိသူ (၈၀၂) ဦးထိ ရှိကြောင်း ကျိုင်းတောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ ကိုဗစ်ကာကွယ်ဆေး အိန္ဒိယနိုင်ငံထုတ် Cocidshield ဆေးနှင့် တရုတ်နိုင်ငံထုတ် Sinopharm(BIBP) ဆေးများကို နှစ်ကြိမ်ပြည့် ထိုးနှံပြီးသူ စုစုပေါင်း (၈၀၂)ဦးရှိပြီး ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးပါက ကာကွယ်ဆေးထိုးနှံပြီးကြောင်း လက်မှတ်များ ပေးအပ်ခဲ့ပြီး ဆေးထိုးပြီးကြောင်း လက်မှတ်ရရှိပြီးသူများအနေဖြင့် အဆိုပါလက်မှတ်ရရှိမှသာ ခရီးထွက်ခွာသွားလာခွင့်ရရှိမည်ဖြစ်ကြောင်း စျေးသည်များ အနေဖြင့်လည်း စျေးရောင်းချခွင့်ရရှိမည်ဖြစ်ကြောင်းသိရသည်။
ဆက်လက်၍ တရုတ်နိုင်ငံထုတ် Sinopharm(BIBP) ဆေးများကို တစ်ကြိမ်ထိုးနှံပြီးသူ (၆၁၅)ဦးရှိပြီး ဒုတိယအကြိမ် ဆေးထိုးရန်အတွက် ရက်ချိန်းထားရှိပါကြောင်းနှင့် ကျိုင်းတောင်းမြို့အတွက် ကာကွယ်ဆေးများ ခွဲတမ်းထပ်မံရရှိလာပါက ကျန်ရှိသောပြည်သူများကို ထပ်မံထိုးနှံပေးမည်ဖြစ်ပြီး ကာကွယ်ဆေးလာရောက် ထိုးနှံရာတွင်လည်း ကျန်းမာရေးဝန်းကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီဆောင်ရွက်၍ ကာကွယ်ဆေးများကိုထိုးပေးသွားမည်ဖြစ်ကြောင်း အထွေထွေအုပ်ရေးဦးစီးဌာနမှ သိရသည်။
သီဟ(ပြန်/ဆက်)