ပြည်ကြီးတံခွန်မြို့နယ်တွင် အသက်(၁၂)နှစ်ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးသွားမည်

ပြည်ကြီးတံခွန် အောက်တိုဘာ ၉

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း၌ အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများမှ အသက်(၁၂)နှစ်ပြည့်ပြီး ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို အောက်တိုဘာ ၁၂ ရက်မှ အောက်တိုဘာ ၁၉ ရက်အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြည်ကြီးတံခွန်မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အသက်(၁၂)ပြည့်ပြီး ကျောင်းသား/သူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် အဖွဲ့(၅)ဖွဲ့ ဖွဲ့စည်းထားပြီး နေရာ(၅)နေရာ ခွဲကာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမည့် ကျောင်းတွေကတော့ အ.ထ.က(၂၇)၊ အ.ထ.က(၃၉)၊ အ.ထ.ကခွဲ(၅)၊ အ.ထ.ကခွဲ(၂၉)နှင့် အ.လ.က(၂၂)ကျောင်းများတွင် ထိုးနှံပေးသွား မည်ဖြစ်ကြောင်း၊ ကိုဗစ် ကာကွယ်ဆေးထိုးနှံပေးမည့်ကာလမှာ (၁၂.၁၀.၂၀၂၁) ရက်နေ့မှ (၁၉.၁၀.၂၀၂၁) ရက်နေ့ အထိဖြစ်ကြောင်း၊ လက်ရှိတွင် ကာကွယ်ဆေးထိုးနှံနိုင်ရန် အသက်(၁၂)နှစ်ပြည့်ပြီးသူနှင့် မပြည့်သေးသူ ကျောင်းသားစာရင်းများကို ပြုစုဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ကြီးတံခွန် မြို့နယ်ပညာရေးမှူး ဒေါ်နှင်းမူထံမှ သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၂၅)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၂၃) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်းပေါင်း (၈) ကျောင်းရှိပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အပ်နှံထားသည့် အထက်တန်းကျောင်းသား (၅၇၄) ဦး၊ အလယ်တန်းကျောင်းသား (၃၁၁၃)ဦး စုစုပေါင်း (၃၆၈၇)ဦးရှိကြောင်း ပြည်ကြီးတံခွန် မြို့နယ်ပညာရေးမှူးရုံးမှ စာရင်းများအရသိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)