ကျောက်ဆည် အောက်တိုဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် ဆန်းစပါးကို အဓိထား စိုက်ပျိုးကြ သော်လည်း နေ့စဉ်ဝင်ငွေရရှိရေးအတွက် အခြားဝင်ငွေရသည့် သီးပင်စားပင်များလည်း စိုက်ပျိုးရောင်းချ လျက်ရှိရာ အနောက်သာဂရကျေးရွာမှ တိုင်ထောင်ပဲတောင့်ရှည်စိုက်ပျိုးရောင်းချသူများ မိသားစု စားဝတ်နေရေး အဆင်ပြေလျက် ရှိကြောင်း သိရှိရသည်။
တိုင်ထောင်ပဲတောင့်ရှည်သည် အစိမ်းနု၊ အစိမ်းရင့်၊ အနီရောင် စသည်ဖြင့်အရောင်အမျိုးမျိုးရှိ ပြီး လယ်မြေ(၅) ဧက၊ ယာမြေ(၂)ဧကမှာ နေ့စဉ်ဝင်ငွေရရှိဖို့ မိသားစုအဆင်ပြေစေရေး တိုင်ထောင်ပဲ တောင့်ရှည်(၀.၅) ဧကစိုက်ပျိုးထားပါတယ်၊ အခုဆိုရင်ပဲတောင့်ရှည်များလှိုင်လှိုင်ခူးဆွတ်နေရပြီး ရောင်းဈေး ကတော့ ပွဲရုံသွင်းတာဆိုတော့ (၁)ပိဿာ၊ (၁၀၀၀)ကျပ်နဲ့သွင်းရပါတယ် ၊လက်လီ ရောင်းတာကတော့(၁)ပိဿာ (၁၅၀၀)ကျပ် ရောင်းရပါတယ်၊ နေ့စဉ်ခူးဆွတ်ပြီးရောင်းရတာမို့ မိသားစုစားဝတ်နေရေး အဆင်ပြေလျက် ရှိကြောင်း အနောက်သာဂရကျေးရွာမှ ပဲတောင့်ရှည်စိုက်ပျိုးသူ တောင်သူ ဦးမြအောင်က ပြောပြသည်။
ပဲတောင့်ရှည်စိုက်ပျိုးရာတွင် မြေအချဉ်ဓာတ်လွန်ကဲသည့် မြေအမျိုးအစားမှလွဲ၍ စိုက်ပျိုးနိုင်ပြီး သဲနှုန်းမြေတွင်ကောင်းစွာဖြစ်ထွန်းကြောင်း၊ အပူချိန်(၁၀)ဒီဂရီစင်တီဂရိတ်အောက်တွင် အသီးအပွင့် လျော့နည်းပြီး ရာသီဥတုပူးပြင်းခြင်း၊ မိုးများသည့်အခါများတွင် အပွင့်အသီးများကြွေတတ်ကြောင်းနှင့် ပဲတောင့်ရှည်စိုက်ပျိုးမည်ဆိုပါက မြေခံအဖြစ် နွားချေး၊ ယူရီးယားမြေဩဇာများထည့်ပြီး လိုအပ်သည့် အချိန်တွင် ပေါင်းလိုက်ခြင်း၊ မြေဆွပေးခြင်း၊ အစိုဓာတ်မပျက်အောင် ရေသွင်းပေးခြင်း ပိုသတ်ဆေးနှင့် အပင် အားတိုးဆေးများဖျန်းပေးပါက အထွက်နှုန်းပိုမိုကောင်းမွန်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ပြောပြသည်။
သက်မောင်(ကျောက်ဆည်)