ဥတ္တရသီရိမြို့နယ်အတွင်းရှိ စာသင်ကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်း

 

ဥတ္တရသီရိ အောက်တိုဘာ ၉

ဦးရဲမြတ်သိန်း(မြို့နယ်အုပ်ချုပ်ရေးမှူး)

ဥတ္တရသီရိမြို့နယ်

မေး။               အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူများကို ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ဖို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စီမံဆောင်ရွက် ထားရှိမှုအခြေအနေများကို ပြောကြားပေးစေလိုပါတယ်

ဖြေ။                ဥတ္တရသီရိမြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ကျောင်းသူတွေကို ကာကွယ်ဆေး ထိုးနှံပေးဖို့အတွက် ဆေးထိုးနှံရေး ကြီးကြပ်မှု ကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါတယ်၊ ဆေးထိုးမည့်နေရာတွေကတော့ အ.ထ.က(၁၂)နဲ့ အ.ထ.က(မင်းကုန်း)စုစုပေါင်း နေရာနှစ်ခုမှာ ထိုးနှံပေးမှာဖြစ်ပါတယ်၊ ကျောင်းသား၊ ကျောင်းသူတွေအတွက် ထိုးနှံပေးမဲ့ ဆေးတွေလည်းရောက်ရှိနေပြီဖြစ်ပါတယ်၊ ဆေးထိုး အဖွဲ့အနေနဲ့လည်း နှစ်ဖွဲ့ခွဲထားပြီး အ.ထ.က(၁၂)မှာ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ထိုးနှံပေးပြီး အ.ထ.က(မင်းကုန်း)မှာဆိုရင် တပ်မတော် ဆေးအဖွဲ့က ကူညီထိုးနှံပေးမှာဖြစ်ပါတယ်၊ ကျောင်းသား၊ကျောင်းသူတွေ ဆေး လာရောက်ထိုးနှံတဲ့အခါမှာ စာရင်းရေးသွင်းဖို့တွေရယ် QR Code ထုတ်ပေးဖို့ တွေကိုတော့ ထွေအုပ်ဝန်ထမ်းတွေရယ်၊ လူမှုဝန်ထမ်းကဝန်ထမ်းတွေက ဆောင်ရွက် ပေးမှာ ဖြစ်ပါတယ်၊ လုံခြုံရေးအနေနဲ့ကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့တွေနဲ့ အရန်မီးသတ်တပ်ဖွဲ့နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး။               အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူများကို ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ဖို့အတွက် အသိပညာပေးလုပ်များဆောင်ရွက်နိုင်မှုကို ပြောကြားပေးစေလိုပါတယ်

ဖြေ။                အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူများကို ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ဖို့အတွက် အသိပညာပေးလုပ်များ ဆောင်ရွက်နိုင်မှု အနေနဲ့ကတော့ နေပြည်တော်ကောင်စီရဲ့လမ်းညွှန်ချက်တွေနဲ့အညီ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူမှုဝန်ထမ်းဦးစီးဌာနတွေနဲ့ပူးပေါင်းပြီး ရပ်ကွက်၊ ကျေးရွာအတွင်းမှာ ကျောင်းသား၊ကျောင်းသူများ၊ မိဘများသိရှိနိုင်ရေး အသံချဲ့စက်ဖြင့် လှည့်လည်၍ နှိုးဆော်ခြင်းတွေ၊ လက်ကမ်းစာစောင် ဖြန့်ဝေ တာတွေနဲ့ အသိပညာပေး ဗီနိုင်ပိုစတာများ ချိတ်ဆွဲတာတွေကို ဆောင်ရွက် လျက်ရှိပါတယ်။

ဦးဝင်းနိုင်(မြို့နယ်ပညာရေးမှူး)

ဥတ္တရသီရိမြို့နယ်

 

မေး။               ဥတ္တရသီရိမြို့နယ်အတွင်း အခြေခံပညာကျောင်းအရေအတွက်နဲ့ အသက်(၁၂)နှစ် အထက် ကာကွယ်ဆေးထိုးနှံမည့် ကျောင်းသား၊ကျောင်းသူ အရေအတွက်လေး သိပါရစေခင်ဗျ

ဖြေ။                ဥတ္တရသီရိမြို့နယ်မှာဆိုရင် အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကိုယ်ပိုင် ကျောင်းများ၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်း စုစုပေါင်း (၅၅)ကျောင်းရှိပြီး အသက်(၁၂)နှစ် အထက် ကာကွယ်ဆေးထိုးနှံမည့်ကျောင်းကတော့ အခြေခံပညာ ကျောင်း (၂၉)ကျောင်း၊ ပုဂ္ဂလိကကိုယ်ပိုင် ကျောင်း(၅)ကျောင်း နှင့် ဘုန်းတော်ကြီး သင် စာသင်ကျောင်း (၂)ကျောင်း စုစုပေါင်း(၃၅)ကျောင်းက ကျောင်းသား၊ ကျောင်းသူ(၆၁၄၄)ဦးကို ထိုးနှံပေးမှာ ဖြစ်ပါတယ်၊

မေး။               ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမည့် ကျောင်းသား၊ ကျောင်းသူများနှင့် ပတ်သက်၍ ပညာရေးဌာနအနေနဲ့ စီစဉ်ဆောင်ရွက်ထားမှုလေးကို သိပါရစေခင်ဗျ

ဖြေ။                ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမည့် ကျောင်းသား၊ ကျောင်းသူများနှင့် ပတ်သက်၍ ပညာရေးဌာနအနေနဲ့ စီစဉ်ဆောင်ရွက်ထားတာကတော့ မြို့နယ်အတွင်း နေထိုင်ကြတဲ့ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ကျောင်းသူများ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ ဖြစ်ပွား/သေးဆုံးမှု လျော့နည်း ကျဆင်းစေရန်နှင့် ကျောင်းသား၊ကျောင်းသူများ ပညာသင်ယူမှု အခွင့်အလမ်း မဆုံးရှုံးစေရန် ရည်ရွယ်ပြီး ဌာနဆိုင်ရာများနဲ့ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ ဆေးထိုးနှံမည့်နေရာများမှာလည်း ကျောင်းသား၊ ကျောင်းသူများကို အချိန်ခွဲခြား၍ စနစ်တကျခေါ်ယူစုဆောင်းပေးခြင်း၊ ကာကွယ်ဆေးထိုးနှံမည့် ကျောင်းသား၊ကျောင်းသူအချက်အလက်များ လွဲမှားမှုမရှိစေရေး စာရင်းဇယား ပြုစုပြီး ဆောင်ရွက်ထားရှိခြင်း၊ School Bus များအသုံးပြု၍  ကျောင်းသား၊ ကျောင်းသူများအား ကြိုပို့နိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိပါတယ်။

မေး။               ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးမည့် ကျောင်းသား၊ကျောင်းသူများ၏ မိဘများနှင့်ညှိနှိုင်းဆောင်ရွက်ထားမှုအခြေအနေတွေကို သိချင်ပါတယ်ခင်ဗျ

ဖြေ။                ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးမည့် ကျောင်းသား၊ကျောင်းသူများ၏ မိဘများနှင့်ညှိနှိုင်းဆောင်ရွက်ထားမှု အခြေအနေကတော့ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးတွေကို ကျောင်းနယ်မြေအလိုက် နယ်မြေမှူးတွေ တာဝန်ပေးပြီး အဆိုပါနယ်မြေမှူးတွေက ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ကျောင်းသားမိဘများနှင့် တွေ့ဆုံပြီး ကျောင်းသား၊ကျောင်းသူများ ကာကွယ်ဆေးထိုးနှံနိုင်ရေး ၊ လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး၊ကာကွယ်ဆေး စိတ်ချလက်ချထိုးနှံနိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်၊

ဒေါက်တာလင်းပြည်သိမ်း(မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး)

ဥတ္တရသီရိမြို့နယ်

မေး။               အသက်(၁၂)နှစ်အထက် ကျောင်းသား၊ကျောင်းသူများကို ထိုးနှံပေးမည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအမျိုးအစား၊ ဆေးတစ်လုံးကို ထိုးနှံပေးမည့် လူဦးရေအရေ အတွက်နှင့် ဆေးထိုးနှံမည့် ကာလကို သိပါရစေခင်ဗျ

ဖြေ။                အသက်(၁၂)နှစ်အထက် ကျောင်းသား၊ကျောင်းသူများကို ထိုးနှံပေးမည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအမျိုးအစားကတော့ Sinovac Vaccine ကာကွယ်ဆေးအမျိုးအစားဖြစ်ကာ ဆေးတစ်လုံးကို လူဦးရေနှစ်ယောက်ထိုးနှံနိုင်ပြီး ဆေးထိုးနှံပေးမည့်ကာလကတော့ အောက်တိုဘာ(၁၂)ရက်မှ(၂၅)ရက်နေ့အထိ ပထမအကြိမ်ထိုးနှံပေးမှာ ဖြစ်ပါတယ်

မေး။               ကျောင်းသား၊ကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးတွေကို သိချင်ပါတယ်ခင်ဗျ

ဖြေ။                ကျောင်းသား၊ကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်အရေအတွက် အပြည့်အဝထိုးနှံထားပါက ရောဂါကူးစက်ခံရမှုနှင့် ကူးစက်ခံရပါက အသက် အန္တရာယ် ထိခိုက်နိုင်မှုမှ ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်

မေး။               ကာကွယ်ဆေးထိုးလုပ်ငန်း အောင်မြင်အောင်ဆောင်ရွက်ရာတွင် ဆရာ/မိဘ/ ကျောင်းသားအားလုံး ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် တိုက်တွန်းစကားလေး ပြောကြားပေးပါခင်ဗျ

ဖြေ။                အသက်(၁၂)နှစ်အထက် ကျောင်းသား၊ကျောင်းသူများ ကာကွယ်ဆေးထိုးလုပ်ငန်း အောင်မြင်အောင်ဆောင်ရွက်ရာတွင် ကျောင်းသားမိဘ၊ကျောင်းသား၊ကျောင်းသူ၊ ဆရာ/ဆရာမများ အားလုံးပူးပေါင်းဆောင်ရွက်ပြီးတော့ ယခုထိုးနှံပေးမည့် Sinovac ဆေးထိုးနှံထားပါကဘယ်လိုအကျိုးကျေးဇူးတွေရမယ်၊ ကျောင်းသား၊ကျောင်းသူများ ကျောင်းတက်တဲ့အခါမှာ လွယ်လွယ်ကူကူနဲ့ လုံလုံခြုံခြုံ ရောဂါကင်းဝေးပြီး ကောင်းမွန်စွာ ပညာသင်ကြားနိုင်တဲ့ အခွင့်အလမ်းတွေရရှိစေနိုင်တဲ့ဆိုတဲ့ အကျိုး ကျေးဇူးတွေ ရရှိတယ်ဆိုတာ သိရှိအောင်  ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။

တွေ့ဆုံမေးမြန်း-အောင်ကို(ပြန်/ဆက်)