မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ ရောဂါကုသရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်း

မိုင်းပျဉ်း အောက်တိုဘာ   ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီက ပေးပို့လှူဒါန်းသော  ကိုဗစ်-၁၉ ရောဂါကုသရေး သုံး ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ လွှဲပြောင်းပေးအပ်ပွဲတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းနှင့် တာဝန်ရှိသူတို့က ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီက ပေးပို့လှူဒါန်းသော အောက်ဆီဂျင် (၄၀)လီတာအိုး အလုံး(၂၀)၊ Flow Meter အလုံး(၂၀)နှင့် Oxygen Concentrator (၂)လုံးတို့ကိုလွှဲပြောင်း ပေးအပ်ရာ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာစိုင်းစိုးဟိန်းက လက်ခံရယူခဲ့ကြောင်းသိရသည်။

မိုင်းပျဉ်းမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇွန်(၃၀)ရက်မှ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၆၂၅)ဦး အထိ စစ်ဆေးတွေ့ရှိပြီး၊ ကျန်းမာရေးကောင်းမွန်၍ နေရပ်ပြန်ခွင့်ရသူ(၅၁၃)ဉီး၊ သေဆုံး လူနာ (၁) ဦး နှင့် ဆေးကုသမှုခံယူနေသူ(၁၁၁)ဦး ရှိရာ အဆိုပါ ဆေးကုသမှုခံယူနေသူများအတွက် အောက်ဆီ ဂျင်အိုးများ လိုအပ်လျက်ရှိသဖြင့် ယခုလိုထောက်ပံ့ပေးအပ်လှူဒါန်း ရခြင်းဖြစ်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း