မိတ္ထီလာမြို့နယ်၌ ဝါမျိုးကောင်း မျိုးသန့်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ရေချိုကျေးရွာရှိ မိုးနှောင်း ချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀)အထူးဇုံ ဧက(၅၀)တွင် ကွင်းဆင်းဆောင်ရွက်

မိတ္ထီလာ၊ အောက်တိုဘာ ၉

မိတ္ထီလာမြို့နယ်တွင် ဝါမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ရေချိုကျေးရွာကွင်းအမှတ် (၅၃၅)ရှိ တောင်သူ(၁၇)ဦး၏ မိုးနှောင်းချည်မျှင်ရှည်ဝါ(ရွှေတောင်-၁၀)အထူးဇုံဧက ၅၀ တွင် ယမန်နေ့ နံနက်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စိုက်ပျိုးရေးဦးစီးဌာနမှ ဝါမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ရာ တွင် မန္တလေးတိုင်းဒေသကြီး ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးစိုင်းသန်းအောင်ကလယ်ယာလုပ်ငန်းကို အခြေခံလုပ်ဆောင်နေကြသည့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် စီးပွားရေး =တွက်ချေကိုက်ပြီး ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသည့် သီးနှံကိုရွေးချယ်ရာတွင် ဝါသီးနှံသည် အသင့်တော်ဆုံးဖြစ်၍ ထွက်ရှိလာသည့် ဝါဂွမ်း၏ စျေးနှုန်းမှာလည်း လျော့နည်းခြင်း မရှိသည့်အတွက် ဝါသီးနှံကို ရွေးချယ်စိုက်ပျိုးလျက်ရှိသည်။ ထိုသို့ ဝါသီးနှံစိုက်ပျိုးရာတွင် စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများ က မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးခြင်းမှ အစပြုကာ စိုက်ပျိုးနိုင်စေ ရေးအတွက် အပင်သက်တမ်း တစ်လျှောက်ကြီးထွားမှုအဆင့်တိုင်းတွင် ကင်းထောက်မှတ်တမ်း ကောက်ယူသည့် နည်းစနစ်ဖြင့် စိုက်ကွင်းအတွင်း ကွင်းဆင်း၍ ဒေသခံတောင်သူများနှင့်အတူ ပေါင်းစပ်၍ ဆောင်ရွက်ပြီး  ဒေသခံတောင်သူများအား ပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မိတ္ထီလာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းက ဒေသခံ တောင်သူများ မျိုးကောင်းမျိုးသန့် စိုက်ပျိုးနိုင်စေရေးအတွက် မိတ္ထီလာမြို့နယ်တွင် မိုးနှောင်း ချည်မျှင် ရှည်ဝါ (ရွှေတောင်-၁၀) အထူးဇုံဧက ၁၀၀ ကို ရေချိုကျေးရွာနှင့် လှည်းပွဲကျေးရွာတို့တွင် စိုက်ပျိုး ထားပြီး ၎င်းအထူးဇုံစိုက်ဧကများတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ဝါစိုက်တောင်သူများနှင့် အတူ ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ ဝါမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ရာတွင် မန္တလေးတိုင်း ဒေသကြီး ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးစိုင်းသန်းအောင်၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဌေးနိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမောင်မောင်ငြိမ်းနှင့် ဝန်ထမ်းများ၊ ဝါစိုက်တောင်သူများ တက်ရောက် ခဲ့ကြောင်း သိရသည်

သိန်းမြင့်ကျော်(မိတ္ထီလာ)