ဆီဆိုင် အောက်တိုဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ ဇဝနာရာမ စာသင် တိုက်အတွင်း တည်ဆောက်ပြီးစီးသည်ဖြစ်သည့် အောက်ဆီဂျင်စက်မှာ အောက်တိုဘာ ၅ ရက်နေ့မှ စတင်၍ ဆီဆိုင်မြို့နယ်ပြည်သူ့ဆေးရုံသို့ နေ့စဉ် ဖြည့်ဆည်းပို့ဆောင် ပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ အောက်ဆီဂျင်စက်မှာ တစ်နာရီလျှင် ၄၀လီတာဆန့် (၁.၂၅)အိုး ထုတ်လုပ်နိုင်မည်ဖြစ်၍ တစ်နေ့လျှင် အောက်ဆီဂျင်အိုး အလုံးရေ(၃၀)ထွက်ရှိပြီး မြို့နယ်အတွင်းရှိ မိဘပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အောက်ဆီဂျင်လိုအပ်မှုများကို အချိန်နှင့်တပြေးညီအခမဲ့ ဖြည့်ဆည်း ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
အောက်ဆီဂျင်စက်ရုံကို ဆီဆိုင်မြို့ ဇဝနာရာမစာသင်တိုက် ဆရာတော် ဦးကောဝိဒ ဦးစီးဦး ဆောင်ကာ မြို့မိ၊ မြို့ဖများ၊ စေတနာရှင်၊ အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက်ခဲ့ ခြင်းဖြစ်ကြောင်း၊ ယခုအောက်ဆီဂျင်စက်သည် 5Nm3/hr အမျိုးအစားဖြစ်၍ ကာလတန်ဖိုးမှာ ငွေကျပ်သိန်း(၆၈၀)တန်ဖိုးရှိကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)