မင်းပြား အောက်တိုဘာ ၉
အမေး။ ဆရာကြီး၏အမည်နှင့် တာဝန်ထမ်းဆောင်နေတဲ့ရာထူးတာဝန်ကို သိပါရစေရှင့်။
အဖြေ။ ကျွန်တော်အမည် ဦးစံသိန်းထွန်းပါ။ မြို့နယ်ပညာရေးမှူးတာဝန်ကို လက်ရှိထမ်းဆောင်နေပါတယ်။
အမေး။ ဆရာကြီးတို့ရဲ့ အခြေခံပညာကျောင်းတွေမှာ နိုင်ငံတော်ရဲ့အစီအစဉ်နဲ့ အသက် (၁၂)နှစ်အထက်ကျောင်းသား ကျောင်းသူတွေကို ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးဖို့ စီစဉ်နေတယ်လို့သိရှိရတဲ့အတွက်ကာကွယ်ဆေးထိုးနှံဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေကိုသိပါရစေရှင့်။
အဖြေ။ မင်းပြားမြို့နယ်အတွင်းအသက်(၁၂)နှစ်ပြည့်ပြီး အထက်တန်း၊ အလယ်တန်း ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် ဆေးထိုးမည့်ရက်အား ကျန်းမာရေးဝန်ကြီးဌာန၏ညွှန်ကြားချက်နှင့်အညီ စတင်ထိုးနှံသွားမည်ဖြစ်ပြီး ပညာရေး ဝန်ထမ်းများအား စနစ်တကျ ဆေးထိုးနှံရေးအတွက်ကြိုတင်ဆွေးနွေးထားပြီးဖြစ်ပါတယ်။
အမေး။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမည့် စုရပ်တွေနဲ့ နေရာတွေကို သိချင်ပါတယ်ရှင့်။
အဖြေ။ မင်းပြားမြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်အဖြစ် နီးစပ်ရာ အထက၊ အထက(ခွဲ)၊ အလက၊ အလက(ခွဲ)၊ မူလွန်ကျောင်းမြို့ပေါ် (၃)ကျောင်းနှင့် ကျေးရွာ၌ (၂၇)ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း ပေါင်း(၃ဝ)ကို စီစဉ်ဆောင်ရွက်ထားရှိပါတယ်။
အမေး။ ကျောင်းတွေမှာ ကိုဗစ်-၁၉ကာကွယ်ရေးလုပ်ငန်းတွေကို ဘယ်လိုဆောင်ရွက်ထား ရှိပါလဲ။
အဖြေ။ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် အခြေခံပညာကျောင်းတိုင်းတွင် လက်ဆေးဘေစင်၊နှာခေါင်းစည်းများ၊ Face Shieldများ၊ လက်သန့်ဆေးရည်နှင့် အသိပညာပေးစာစောင်များ ဖြန့်ဝေထားရှိပြီး အသုံးပြုတတ်အောင် လေ့ကျင့်ပေးထားပါတယ်။
အမေး။ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာမှာ အဆင်ပြေချောမွေ့စေရန် ပူးပေါင်းပါဝင်တဲ့ဌာန၊ အဖွဲ့အစည်းတွေကို သိပါရစေရှင့်။
အဖြေ။ ကျောင်းသားကျောင်းသူတွေကိုကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံတဲ့နေရာမှာ မင်းပြား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးစိုးမိုးရဲ့ ဦးဆောင်လမ်းညွန်မှု၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှုးများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတလူငယ်အသင်းစသည်တို့က ပူးပေါင်းပါဝင်ဆောင်ရွက်ကြမည်ဖြစ်ပါတယ်။
အမေး။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်မှုအပေါ် ဆရာကြီး၏ပိတိစကားသံကို ပြောပေးပါရှင့်။
အဖြေ။ ကိုဗစ်-၁၉ရောဂါကြောင့်ကျောင်းတွေပိတ်ထားရတော့ ကျောင်းသား ကျောင်းသူတွေရဲ့ပညာသင်ယူမှု အခွင့်အလမ်း ဆုံးရှုံးသွားတာပေါ့၊ အခုလိုနိုင်ငံတော်က ကျောင်းတွေမှာ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဆိုတော့အတိုင်းမသိဝမ်းသာတာပေါ့၊ ကလေးတွေရဲ့ ကူးစက်ရောဂါကိုကာကွယ်နိုင်သည့်အပြင် ကျောင်းတွေပြန်ဖွင့်လာရင်ပညာသင်ယူနိုင်သည့် အခွင့်အလမ်းကိုလည်း ရရှိတော့မှာပါ၊ ဒါကြောင့်နိုင်ငံတော်အစိုးရကိုလည်း အထူးကျေးဇူးတင်ပါတယ်။
တွေ့ဆုံမေးမြန်းသူ- သောင်းရွှေ
သတင်းရေးသားသူ- သိန်းနုအောင်