မိုင်းကိုင်မြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းနေအရွယ်ကလေးများအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသွားမည်

မိုင်းကိုင်   အောက်တိုဘာ     ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်းရှိ  အသက်  ၁၂ နှစ်နှင့်အထက်  ကျောင်းနေအရွယ် ကလေးများအားလုံးကို   အောက်တိုဘာလ  ၁၂  ရက်နေ့မှစ၍  Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ စတင်ထိုးနှံပေးသွားမည်ဖြစ်သည်။

အခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်းသားကျောင်းသူများအားလုံးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် ကာကွယ်ဆေးလွှမ်းခြုံမှု လျင်မြန်စွာရရှိလာစေရန်၊ ကျောင်းများပြန်လည်ဖွင့်လှစ်၍  ကျောင်းသားကျောင်းသူများ  ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်အတွက်  အောက်တိုဘာလ ၁၂ ရက်နေ့မှ ၂၆ ရက်နေ့အတွင်း  (ပထမ)အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို  ဆေးထိုးစုရပ် အသီးသီးသတ်မှတ်၍  ထိုးနှံပေးသွားမည်ဖြစ်သည်။

မိုင်းကိုင်မြို့နယ်အတွင်း ကာကွယ်ဆေးထိုးခွင့်ရှိသူ  ကလေးသူငယ်များအားလုံး  ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက်  ကာကွယ်ဆေးထိုး စုရပ်များအဖြစ်  အထက(မိုင်းကိုင်)စုရပ်၊ အထက-ခွဲ(တုံလော)စုရပ်၊ အလက-ခွဲ(ပန်ကေတု) စုရပ်၊ အလက-ခွဲ(ကတ်ဖွီး)စုရပ်၊ အလက-ခွဲ(နောင်ဟွယ်) စုရပ် စသည့်  စုရပ် ၅ နေရာတို့တွင် နီးစပ်ရာကျောင်းများမှ  အထက်တန်း၊ အလယ်တန်း  ကျောင်းသားကျောင်းသူပေါင်း  ၆၂၂ ဦးကို  စတင်ထိုးနှံပေးသွားမည်ဖြစ်ပြီး  ကျောင်းစာရင်းတွင်  ပါဝင်ခြင်းမရှိသေးသော  အသက် ၁၂ နှစ်နှင့်အထက် ကျောင်းနေအရွယ် ကလေးများကိုလည်း  သက်ဆိုင်ရာ တာဝန်ရှိသူများထံ  စာရင်းပေးသွင်း၍  ကာကွယ်ဆေးများ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း  သိရှိရသည်။

ချော(မိုင်းကိုင်)