မိုင်းကိုင်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် ၂ နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ပေးအပ်

မိုင်းကိုင်     အောက်တိုဘာ      ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်တွင် စက်တင်ဘာလ ဒုတိယအပတ်မှစ၍   MCCT  အစီအစဉ်ဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် ၂ နှစ်အောက် ကလေးငယ်များကို ဒုတိယအကြိမ် ငွေကြေး ထောက်ပံ့ပေးလျက်ရှိသည်။

ငွေကြေးထောက်ပံ့မှုတွင်  လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ  ကိုယ်ဝန် ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော လူ့ဘဝ၏ အရေးကြီးဆုံး  ပထမရက် ၁၀၀၀ (၂ နှစ်အောက်) တွင်ရှိသည့် ကလေးသူငယ်များအားလုံးကို  အာဟာရဆိုင်ရာ  ရလဒ် ကောင်းများ ကောင်းမွန်တိုးတက်လာစေရန်အတွက်  ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များကို လစဉ် ငွေကျပ် ၁၅၀၀ဝိ/- ထောက်ပံ့ပေးလျက်ရှိသည်။

အဆိုပါ ထောက်ပံ့မှုတွင် မိုင်းကိုင်မြို့နယ်အတွင်း ၂၀၂၀ ခုနှစ် ၊  အောက်တိုဘာလ မှ ဒီဇင်ဘာလ အထိ စာရင်းများအရ တစ်လလျှင် ငွေ ၁၅၀၀၀ ကျပ်ဖြင့်  သုံးလစာ ထောက်ပံ့ငွေ ၄၅၀၀၀ ကျပ်ကို  ကိုယ်ဝန်ဆောင်မိခင် ၆၃၉ ဦး ၊ အသက် ၂ နှစ်အောက်ကလေးသူငယ်ပေါင်း  ၅၃၈ ဦး ၊ စုစုပေါင်း ၁၁၇၇ ဦး အတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၅၂၉၆၅၀၀ဝိ/-  ကို  မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယဦးစီးမှူး  ဒေါ်ဆုမွန်နောင်နှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု တာဝန်ရှိသူများက  ကွင်းဆင်း၍  အိမ်တိုင်ရာရောက်  ထောက်ပံ့မှုများ ပေးအပ်လျက်ရှိကြောင်း  သိရသည်။

ချော(မိုင်းကိုင်)