နေပြည်တော်တွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဖြစ်သော Quarantine Center နှင့် Positive Centerများ ဖွင့်လှစ် ဆောင်ရွက်ရာ ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့သည့် ဌာန/အဖွဲ့အစည်းများ၊ တက္ကသိုလ်များ၊ သင်တန်းကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကျင်းပ
နေပြည်တော် အောက်တိုဘာ ၈
နေပြည်တော်တွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဖြစ်သော Quarantine Center နှင့် Positive Centerများ ဖွင့်လှစ်ဆောင်ရွက်ရာတွင် လိုအပ်သောခုတင်များ၊ Oxygenအိုးများနှင့် အခြားဆက်စပ်ပစ္စည်း များကို ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့သည့် ဌာန/အဖွဲ့အစည်းများ၊ တက္ကသိုလ်များ၊ သင်တန်း ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၁)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က နေပြည်တော်တွင် ဌာန/အဖွဲ့ အစည်းအသီးသီး၏ ပံ့ပိုးကူညီမှု၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာများနဲ့ စေတနာ့ဝန်ထမ်း Volunteerများက စိတ်ဓါတ်၊ စည်းလုံးမှုနှင့် အားလုံး ပူးပေါင်းပါဝင် အားထုတ်မှုများဖြင့် စွမ်းစွမ်းတမံ ကိုယ်ကျိုးစွန့် အနစ်နာခံဆောင်ရွက်ခဲ့သဖြင့် ကပ်ရောဂါ အကြပ်အတည်းကို အတိုင်းအတာတစ်ခုအထိ ကျော်လွှားနိုင်ခဲ့ကြတာ ဖြစ်ပါကြောင်း၊ အခြေခံပညာကျောင်းများနဲ့ တက္ကသိုလ် ကျောင်းများကို ကျန်းမာရေး ညွန်ကြားချက်များနဲ့အညီ သတ်မှတ်အချိန်မီ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်ကို လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရမှာ ဖြစ်ပါကြောင်း၊ နေပြည်တော် အတွင်းရှိ ကိုဗစ်-၁၉ရောဂါ တားဆီးကာကွယ်ရေး လုပ်ငန်းများမှာ ကျရာအခန်းကဏ္ဍကနေ လိုအပ်တဲ့ ခုတင်၊ အောက်ဆီ ဂျင်အိုးနှင့် အခြားဆက်စပ်ပစ္စည်းလိုအပ်ချက်များကို ဝိုင်းဝန်း ကူညီပံ့ပိုး ဆောင်ရွက်ခဲ့တဲ့ ဌာန/အဖွဲ့ အစည်းများ၊ တက္ကသိုလ်များ၊ သိပ္ပံကျောင်းများနဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းများ အားလုံးကို နေပြည်တော်ကောင်စီအနေနဲ့ အထူးပင် ကျေးဇူးတင်ရှိပြီး မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ ကိုဗစ်-၁၉ရောဂါ တားဆီးကာကွယ်ရေး လုပ်ငန်းကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အရှိန်အဟုန်မပျက် အားလုံးပူးပေါင်းပြီး ဆက်လက် ကြိုးပမ်းဆောင်ရွက်ပေးကြစေလို့ တိုက်တွန်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ဂုဏ်ပြုမှတ်တမ်းလွှာများကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန (တည်ဆောက်ရေး-၅) တို့အားဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် နေပြည်တော်ကောင်စီအတွင်းရေးမှူးတို့က အစိုးရနည်းပညာကောလိပ် (နေပြည်တော်)၊ စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)၊ သူနာပြုသင်တန်းကျောင်း (နေပြည်တော်)၊ သားဖွားသင်တန်းကျောင်း (နေပြည်တော်)၊ အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်)၊ ပညာ့ပန်းတိုင်ကိုယ်ပိုင် အထက်တန်း ကျောင်း၊ Wisdom Hill ကိုယ်ပိုင်အထက်တန်းကျောင်း၊ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း(ဗဟို)၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ USM ကိုယ်ပိုင်အထက်တန်းကျောင်း၊ CAE ကိုယ်ပိုင်အထက်တန်းကျောင်း၊ OIAC ကိုယ်ပိုင် အထက်တန်းကျောင်း၊ မန်းရှင်အောက်ဆီဂျင်စက်ရုံ၊ ပညာလွင်ကိုယ်ပိုင်အထက်တန်းကျောင်း၊ ဟိန်းရတနာအောင် ကိုယ်ပိုင် အထက်တန်းကျောင်း၊ ယွမ်ယွမ်ကုမ္ပဏီတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ရာ တာဝန်ရှိသူများကအသီးသီး လက်ခံရယူ ကြသည်။
ထို့နောက် တက်ရောက်လာသူများကိုယ်စား ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ဒေါက်တာနေမျိုးအောင် ဌာနမှူး(စီမံ)က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)