ဒက္ခိဏသီရိ အောက်တိုဘာ ၈
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် အသက် ၁၈ နှစ်နှင့်အထက် လူငယ်လူရွယ်များ၊ နာတာရှည်ရောဂါရှိသူများ၊ မသန်စွမ်းသူများ၊ အသက် (၄၀)နှစ်နှင့်အထက် အသက်ကြီးသူများနှင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ဦးတည်အုပ်စုအလိုက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှ စတင်၍ အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း ဆေးထိုးစုရပ်၌ စတုတ္ထနေ့အဖြစ် ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်၁၉ရောဂါကာကွယ်ဆေး ထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်မှဆေးအဖွဲ့များက ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်အထက် လူငယ်လူရွယ်များ၊ နာတာရှည်ရောဂါရှိသူများ၊ မသန်စွမ်းသူများ၊ အသက် ၄၀ နှစ် နှင့်အထက် အသက်ကြီးသူများ၊ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ဦးတည်အုပ်စုအလိုက် ပြည်သူများ စုစုပေါင်းလူဦးရေ (၇၀၀)ဦးကို ယနေ့ထိုးနှံပေးမည်ဖြစ်ပြီး ကိုဗစ်−၁၉ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို အောက်တိုဘာ(၉)ရက်နေ့အထိ ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများအား စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာ ကျန်းမာရေးဌာနဝန်ထမ်းများနှင့် တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)