မိုင်းလုံ အောက်တိုဘာ ၈
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၉:၀၀)နာရီအချိန်က မြို့ပေါ်ရပ်ကွက် များသို့ သွားရောက်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုင်းလုံမြို့အတွင်းရှိ ပြည်သူများအနေဖြင့် လက်ရှိ ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် အတတ်နိုင်ဆုံး အိမ်တွင်း၌သာနေထိုင်ကြရန်၊ ပြင်ပမှ ဧည့်သည်များ လက်မခံရန်နှင့် အခြားသူများ ထံသွားရောက်ခြင်းမပြုရန်၊ အပြင်ထွက် ပါက ပါးစပ်နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်၍ သွားလာကြရန်၊ လက်ကို မကြာခဏ ဆပ်ပြာနှင့် စနစ်တကျ စက္ကန့် (၂၀) ကြာဆေးကြောရန်၊ လူထူထပ်သည့် နေရာ များသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း (Mask) မတပ်ဆင် ထားသော သူများနှင့် တွေ့ဆုံခြင်း စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ မိမိနေအိမ်အခန်းများကို လေဝင် လေထွက်ကောင်းအောင် ပြုလုပ်ကြရန်၊ အပြင်မှပြန်လာပြီးတိုင်း နှာခေါင်းစည်း (Mask) များကို စနစ်တကျစွန့်ပစ်ရန်၊ သက်ကြီးရွယ်အိုများ၊ ဆီးချိုသွေးတိုး နှလုံးရောဂါ အခံ ရှိသူမျာ၊ ရောဂါ ကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ် ထိခိုက် နိုင်သဖြင့် ဂရုပြု နေထိုင်ရန်၊ ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီး ထိန်းချုပ် နိုင်ရေးအတွက် ပြည်သူအားလုံး လိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် စသည့် လိုက်နာရမည့် အချက်များကို နှိုးဆော်ဆောင်ရွက် ပေးလျက်ရှိသည်။
မိုင်းလုံမြို့တွင် (၁၈-၇-၂၀၂၁) ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့ရာ ကျန်းမာရေး ပြန်ကောင်းလာ၍ ဆေးရုံဆင်းခွင့်ရသူ(၁၂၅)ဦး၊ ဆေးကုသမှုခံယူသူ (၄၈) ဦး၊ ကျောက်မဲမြို့ ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းဆေးကုသမှုခံယူသူ(၁)ဦး သေဆုံးသူ(၂) စုစုပေါင်း(၁၇၆)ဦး ရှိကြောင်း မိုင်းလုံတိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဇော်ဇော်(ပြန်/ဆက်)