သီပေါမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်း စကားသံများ

သီပေါ     အောက်တိုဘာ    ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့ဝင်များ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံ အချို့ကို ဖော်ပြလိုက်ရပါသည်-

ဦးထွန်း

ကျွန်တော့်နာမည်ကတော့ ဦးထွန်းဖြစ်ပါတယ်။ အသက်က (၄၉) နှစ်ရှိပါပြီ။ သီပေါမြို့၊ ပန်းတိမ်တောင်ရပ်ကွက်၊ နယ်‌မြေ(၆)တွင် နေထိုင်ပြီး ပရိဘောဂလုပ်ငန်း လုပ်ကိုင်ပါတယ်။ မိသားစုဝင်(၄)ဦးရှိပြီး အလုပ်သမား(၂)ဦးနဲ့ စုစုပေါင်း(၆)ဦး နေထိုင်ပါတယ်။ စက်တင်ဘာလ (၃) ရက်နေ့ကစပြီး နေထိုင်မကောင်း ဖြစ်တာကို ရိုးရိုးနေမကောင်း ဖြစ်တယ်ထင်ပြီး အိမ်မှာပဲ အဖျားပျောက်ဆေးတွေသောက်ခဲ့ပါတယ်။ မသက်သာပဲ(၂)ရက်မြောက်နေ့မှာ‌စပြီး အနံ့မရတော့ပဲ အရသာများလည်း ပျောက်သွားခဲ့တဲ့ အတွက်ကြောင့် မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက် ဆေးစစ်ခဲ့ရာ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိရပြီး ဆေးရုံတွင်(၁၀) ရက် တက်ရောက်ကုသခဲ့ပါတယ် ။ ဆေးရုံဆင်းပြီးတော့ Home Quarantine (၇)ရက် နေထိုင်ခဲ့ပြီး ယခုပြန်လည် သက်သာလာခဲ့ပါပြီ။ နေမကောင်းဖြစ်စကတည်းက မိသားစုနဲ့ခွဲကာ သီးသန့်နေခဲ့ခြင်းကြောင့် အိမ်သားများကို‌ ကူးစက်ခဲ့ခြင်းမရှိပါ။ ရောဂါစဖြစ်ခါစတော့လုံးဝမထနိုင်ခဲ့ပေမဲ့ အစား အသောက်ပုံမှန်စား ၊ ဆေးပုံမှန်သောက် ၊ အိပ်ရေးဝဝအိပ်ပါတယ်။ ရောဂါကူးစက်ခံရပေမဲ့  ရောဂါကို ကြောက်စိတ် မထားဘဲ ပြန်ကောင်းရမယ်ဆိုပြီး ကောင်းကောင်းရင်ဆိုင်နိုင်ခဲ့ပါတယ်။ ကာကွယ်ဆေး မထိုးထား ပေမဲ့ ကိုယ်ခံအား ကောင်းမွန်တာကြောင့်  ရောဂါကိုဆိုးဆိုးဝါးဝါးမခံလိုက်ရပါဘူး။  ရောဂါအခံလဲ မရှိတော့ သူများတွေလို အောက်ဆီဂျင်ကျတာမျိုးမရှိခဲ့ပါဘူး။ ဆိုးဆိုးရွားရွား မခံစားလိုက်ရပါဘူး။ အခုတော့ ကာကွယ်ဆေးထိုးဖို့ကိုစာရင်း ပေးထားပါတယ်။ ကိုယ်တိုင်ခံစားဘူးတော့ရောဂါက အရမ်းကြောက်ဖို့ မလိုပေမဲ့ ကာကွယ်မှု တွေ အမြဲလုပ်နေရမှာပါ ။ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့စည်းကမ်းများကို အစဉ်အမြဲလိုက်နာဖို့ လိုပါတယ်။ အားလုံးကို ပြောကြားချင်တာက အပြင်က ပြန်လာတိုင်း စနစ်တကျလက်ဆေးပါ။ အပြင်ထွက်လျှင် ပါးစပ် နှာခေါင်းစည်း( Mask) စနစ်တကျ တပ်ဆင်ပါ။ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေပါ။ အတတ်နိုင်ဆုံး လူစုလူဝေးရှိတဲ့နေရာတွေကို သွားလာခြင်းမှ ရှောင်ရှားကြပါလို့ သတိပေးချင်ပါတယ်။ နောက်ဆုံး အနေနဲ ့ပြောချင်တာကတော့ရောဂါဖြစ်လာပါက ကောင်းစွာကုသမှုခံယူမယ်ဆိုရင် လုံးဝပျောက် ကင်းနိုင် ပါတယ်လို့ ပြောချင်ပါတယ်။

မြို့နယ် (ပြန်/ဆက်)