နေပြည်တော်အတွင်းရှိ Positive Center နှင့် Quarantine Center များတွင် ကျန်းမာရေး စောင့်ရှောက်မှု ခံယူခဲ့သော ထိခိုက်လွယ်အုပ်စုများအား အာဟာရဖြည့်တင်းနိုင်ရေးအတွက် ထောက်ပံ့ငွေများပေးအပ်

နေပြည်တော် အောက်တိုဘာ ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ Positive Center နှင့် Quarantine Center များတွင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူခဲ့သော ထိခိုက်လွယ်အုပ်စုများဖြစ်သည့် ကိုယ်ဝန် ဆောင်နှင့် အသက်(၅)နှစ် အောက်ကလေးများ၊ အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းတို့အား အာဟာရဖြည့်တင်းနိုင်ရေးအတွက် ထောက်ပံ့ငွေပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာမောင်မောင်နိုင်က နေပြည်တော်ကောင်စီ နယ်မြေအတွင်း မြို့နယ်(၈)မြို့နယ် တွင် ဖြစ်ပွားသည့် ကိုဗစ်-၁၉ ရောဂါကို Quarantine Center များ အချိန်မီ ဖွင့်လှစ်၍ အုပ်ချုပ်ရေးဆိုင်ရာဌာနများ၊ လုံခြုံရေး ဆိုင်ရာဌာနများ၊ လူမှုဝန်ထမ်းနဲ့ ပရဟိတအဖွဲ့အစည်းများ ပူးပေါင်း၍ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ခဲ့ပါကြာင်း၊ ၂၀၁၉-၂၀၂၀ ခုနှစ်နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်များတွင် လူမှုဝန်ထမ်းဦးစီးဌာန၏ ဘတ်ဂျက်ရန်ပုံငွေဖြင့် Quarantine ဝင်ရောက်လာသော စောင့်ကြည့်သူများအတွင်းမှ ကိုယ်ဝန်ဆောင် မိခင်(၆၄) ဦး၊ ၅ နှစ်အောက် ကလေး( ၄၂)ဦး၊ အသက် ၆၀ နှစ်အထက် ဘိုးဘွား(၁၁)ဦး မသန်စွမ်းသူ (၃)ဦး စုစုပေါင်း (၁၂၀)ဦးကို အာဟာရ ပြည့်ဝစွာ စားသုံးနိုင်ရေးအတွက် ထောက်ပံ့ကြေး တစ်ဦးလျှင် ငွေကျပ်သုံးသောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (သုံးဆယ့်ခြောက်သိန်းတိတိ)ကို ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ နေပြည်တော်ကောင်စီအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် တုံ့ပြန်ရေးကိစ္စများတွင် စွမ်းစွမ်းတမံဆောင်ရွက်၍ ကာကွယ်စောင့်ရှောက်နေသလို အများပြည်သူများ အနေနှင့်လည်း ကိုဗစ်-၁၉ ရောဂါပိုး ကူးဆက်မှုနှုန်း နည်းသထက် လျော့နည်းအောင် ဆက်လက်ထိန်းချုပ်ပေးကြ စေလိုကြောင်းတိုက်တွန်း ပြောကြားသည်။

ထို့နောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာမောင်မောင်နိုင်မှ Positive Center နှင့် Quarantine Center များတွင် ကျန်းမာရေးစောင့်ရှောက်မှုခံယူခဲ့သော ထိခိုက်လွယ် အုပ်စုများအား ထောက်ပံ့ငွေပေးအပ်ရာ ကိုယ်ဝန်ဆောင်မိခင်(၃၈) ဦး၏ကိုယ်စား ဒေါ်ရီရီဝင်း ကလည်းကောင်း၊ အသက်(၅)နှစ်အောက် ကလေး(၆၂)ဦး၏ ကိုယ်စား မဖူးပွင့်နေခြည် က လည်းကောင်း၊  အသက်(၆၀)နှစ်အထက် ဘိုးဘွား(၁၉၀)ဦး၏ ကိုယ်စား ဒေါ်ခင်မျိုးက လည်းကောင်း၊ မသန်စွမ်းသူ(၁) ဦး၏ကိုယ်စား ဦးဝင်းလှိုင် ကလည်းကောင်း အသီးသီး လက်ခံရယူကြသည်။

ယင်းနောက် Positive Center နှင့် Quarantine Center များတွင် ကျန်းမာရေး စောင့်ရှောက်မှုခံယူခဲ့ကြသော ထိခိုက်လွယ် အုပ်စုများကိုယ်စား ဒေါ်ရီရီဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယနေ့ နေပြည်တော်အတွင်းရှိ Positive Center နှင့် Quarantine Centerများတွင် ကျန်းမာရေး စောင့်ရှောက်မှုခံယူခဲ့သော ထိခိုက်လွယ်အုပ်စုများအား ထောက်ပံ့ငွေပေးအပ် ရာတွင် ကိုယ်ဝန်ဆောင် (၃၈)ဦး (၅)နှစ်အောက် ကလေးငယ်(၆၂)ဦး၊ အသက် (၆၀) နှစ်အထက် အသက်ကြီးသူ(၁၉၀)ဦး၊ မသန်စွမ်းသူ(၁)ဦး အားလုံး စုစုပေါင်း (၂၉၁) ဦးတို့ကို အာဟာရ ဖြည့်တင်း နိုင်ရေးအတွက် တစ်ဦးလျှင် ငွေကျပ်သုံးသောင်းနှုန်းဖြင့် ငွေကျပ် စုစုပေါင်း (၈၇၃၀၀၀၀) ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)