မိုင်းလုံ အောက်တိုဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ဝုန်းမေတ္တာ လူမှုအကျိုးပြု အသင်းမှ ဖြူစင်မေတ္တာပရဟိတအသင်းထံ လူနာတင်ယာဉ်တစ်စီးနှင့် အလှူငွေများကို ယနေ့ နေ့လယ် (၂) အချိန်ခန့်တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ ဝုန်းမေတ္တာလူမှုကူညီရေးအသင်းမှ လှူဒါန်းရခြင်း၏ရည်ရွယ်ချက်ကို ပြောကြား ရာတွင် အရေးပေါ်လူနာများအသုံးပြုရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ တားဆီး ထိန်းချုပ်ရေးနှင့် ကူးစက်ပြန့်ပွားမှု အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် ကျပ်(၇၀၀၀၀၀၀/-) (သိန်းခုနှစ်ဆယ်) တန်ဖိုးရှိ (ALPHARD) အမျိုးအစား လူနာတင်ယာဉ်တစ်စီးနှင့် အလှူငွေ (၅၀ဝဝဝဝ/-) ကျပ်ကို ဖြူစင်မေတ္တာအသင်းထံ ပေးအပ်လှူဒါန်းရာ အသင်းတာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဖြူစင်မေတ္တာပရဟိတ အသင်းကလည်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဖြူစင်မေတ္တာလူမှုကူညီရေး အသင်းဥက္ကဋ္ဌမှ ယခုလိုလူဒါန်းသောကြောင့် အထူးပင် ကျေးဇူးတင်ကြောင်း၊ အသင်းတွင် ယခုလက်ရှိ အသုံးပြုနေသော လူနာတင်ယာဉ် နှစ်စီးတွင် တစ်စီးသာ ခရီးဝေးသွားရာတွင်စိတ်ချရပြီး အရေးပေါ်လူနာတစ်ဦးထက်ပိုပါက ပို့ဆောင်ရန် လူနာတင်ယာဉ်မရှိသော အခြေအနေများလည်းရှိခဲ့၍ ယခုလို လူနာတင်ယာဉ်တစ်စီးကို လူဒါန်းသောကြောင့် မိုင်းလုံမြို့ကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)