သီပေါတွင် စာပေဝါသနာရှင်များပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်

သီပေါ အောက်တိုဘာ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးအသင်း (Women Club)၊ လူငယ်အသင်း (Youth Club) တို့ပူးပေါင်း၍ စာပေဝါသနာရှင်များ စာပေအသိအမြင်ဗဟုသုတများ ဆွေးနွေးဖလှယ်နိုင်စေရန်နှင့် စာတတ်သူတိုင်း စာဖတ်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး  ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲ အချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နီလာစိုးက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့ဝင် ဦးမျိုးပိုင်သက်နှင့် ဦးလှဝင်းနောင် (Youth Club) အဖွဲ့ဝင် နန်းဖွေးလင်းတို့က စာရေးဆရာ ချစ်ဦးညို၏ "တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ " စာအုပ်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ ၄င်းတို့၏ အတွေး၊ အသိ၊ အမြင်များကို အသီးသီး အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ဖွဲ့စည်းထားသော Club အဖွဲ့များနှင့်လည်းကောင်း၊ စာပေဝါသနာရှင်များနှင့်လည်းကောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနခန်းမတွင် လစဉ်ပြုလုပ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)