ပုဏ္ဏားကျွန်း အောက်တိုဘာ ၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်စက်မှုလက်မှု သင်တန်း မော်တော်ယာဉ်စက်ပြင်သင်တန်း(၄/၂၀၂၁)၊ဆောက်လုပ်ရေး သင်တန်း၊ လက်ကိုင်ဖုန်းပြင်သင်တန်း(၆/၂၀၂၁)၊ အဲယားကွန်း/ရေခဲသေတ္တာနှင့် လျှပ်စစ် ဂဟေသင်တန်း(၇/၂၀၂၁)ဆင်းပွဲကို ယနေ့၊ နံနက်(၉)နာရီက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ စက်မှုလက်မှုသင်တန်းကျောင်းခန်းမဆောင်၌ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးစိန်မြင့်က ရခိုင်ဒေသအတွင်း တိုင်းရင်းသားလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေရန်နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ သင်တန်းဆင်းလူငယ်များအနေဖြင့် သင်တန်းမှသင်ကြားပို့ချပေးသော ဘာသာရပ်များကို မိမိဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့အသုံးချလုပ်ကိုင်ရမည့်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ ရခိုင်ပြည်နယ် ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးမောင်စိုးက တိုင်းရင်းသား လူငယ်များ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မော်တော်ယာဉ်စက်ပြင်သင်တန်း၊ ဆောက်လုပ်ရေးသင်တန်း၊ လက်ကိုင်ဖုန်း ပြင်သင်တန်း၊ လျှပ်စစ်၊ အဲယားကွန်း၊ ရေခဲသေတ္တာနှင့် ဂဟေသင်တန်းများတွင် ထူးချွန်ဆုရ ရှိသော မောင်စိုးဝင်း၊ မောင်ဖြိုးဝင်း၊ မောင်ဘာဝေညာ၊ မောင်အောင်ကိုလင်း၊ မောင်နေဆန်း ဦးနှင့်မောင်အောင်ဆန်းတို့ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိန်မြင့်နှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ရုံးမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်နိုင်တို့က ဂုဏ်ပြုဆုငွေနှင့်ဆုတံဆိပ်များအား ချီးမြှင့်ပေးအပ်ခဲ့ပြီး၊ မြို့နယ်စီမံ အုပ်ချုပ်အဖွဲ့ ဥက္ကဌ ဦးဇော်သိန်းနှင့်တာဝန်ရှိသူတို့က သင်တန်းဆင်းလက်မှတ်များကို ချီးမြှင့် ပေးအပ်ခဲ့ကြသည်။
အဆိုပါသင်တန်းသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ ဧည့်သည်တော်များနှင့် သင်တန်းသား(၄၅)ဦး တက်ရောက်ခဲ့ကြပြီး၊ သင်တန်းကာလမှာ ရက်သတ္တ(၂၂)ပတ်ကြာ မြင့်ခဲ့ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)