ဟိုပန် အောက်တိုဘာ ၈
ဟိုပန်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ဆောင်ရွက်ပေးနိုင်ရန်အတွက် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက ယနေ့ နံနက်(၁၀) နာရီအချိန်က ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဟိုပန်မြို့မဈေးသို့သွားရောက်၍ ဈေးဖွင့်လှစ်ရောင်းချမှုများ ပြန်လည်ဆောင်ရွက်ပါက ယဉ်ကြောပိတ်ဆို့မှုမဖြစ်စေရေး ဈေးရပ်ကွက်နှင့်မန်ခွန်ရပ်ကွက်သို့ ဆက်သွယ်ထားသော ဈေးပတ်လမ်းအား တစ်လမ်းမောင်းစနစ်ဆောင်ရွက်နိုင်ရန်၊ ဈေးအတွင်းရှိ ရေနုတ်မြောင်းအဖုံးများ ပျက်စီးနေမှုတို့ကိုပြန်လည်ပြင်ဆင်ရန် ၊ မန်ခွန်ရပ်ကွက်အတွင်း သွယ်တန်းထားသော လျှပ်စစ်ဓါတ် ကြိုးနှင့် မီးတိုင်များအား စနစ်တကျဖြစ်စေရေးနှင့် စံသတ်မှတ်ချက်နှင့်မညီသည့် မီးတိုင်များအား အသစ်လဲလှယ်စိုက်ထူဆောင်ရွက်သွားရန်တို့ကို မှာကြားခဲ့ရာ သက်ဆိုင်ရာ စည်ပင်ဉီးစီးဌာနနှင့်၊ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းတို့မှ တာဝန်ရှိသူများက အသီးသီးရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍ ဟိုပန်မြို့ဒေသခံများ၏ ပဲသီးနှင့်ပြောင်းများ ရောင်းဝယ်ဖောက်ကားရာ၌ ယဉ်ကြော ပိတ်ဆို့မှုမဖြစ်စေရေးနှင့် စနစ်တကျရှိစေရန်အတွက် အရောင်းအဝယ်ပြုလုပ်မည့် နေရာ အား ကြည့်ရှုသတ်မှတ်၍ ဆောင်ရွက်ပေးခဲ့ရာ ဟိုပန်မြို့မှ ဒေသခံရပ်မိရပ်ဖများက ၎င်းတို့၏လိုအပ် ချက်များကို တင်ပြခဲ့သည်။ ထို့နောက် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
ခရိုင်(ပြန်/ဆက်)