အသက် ၁၂နှစ်နှင့်အထက် အသက် ၁၈နှစ်အောက် ကလေးများ ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ်နှင့် ပတ်သက်ပြီး တွေ့ဆုံမေးမြန်း

 

မန္တလေး             အောက်တိုဘာလ    ၈

မန္တလေးတိုင်းဒေသကြီးအတွင်း အသက် ၁၂နှစ်နှင့်အထက် အသက် ၁၈နှစ်အောက် ကလေးများ ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ်နှင့် ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး အခြေခံပညာ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ကြယ်နှင့် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာ ဝင်းနိုင်နှင့် ယခုလို တွေ့ဆုံမေးမြန်ထားပါသည်။

မန္တလေးတိုင်းဒေသကြီး၊ အခြေခံပညာဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ကြယ်

 

မေး     ။       ။   မန္တလေးတိုင်းဒေသကြီးအတွင်း အသက် ၁၂နှစ်နှင့်အထက် အသက် ၁၈နှစ်အောက် ကလေးများ ကာကွယ်ဆေးထိုးနှံပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ စီစဉ်နေတဲ့ အကြောင်းလေးတွေ ပြောပြပေးပါအုံးရှင့်။

ဖြေ  ။       ။   အသက်၁၂နှစ်နှင့်အထက် အသက် ၁၈နှစ်အောက် ကလေးတွေကို ကာကွယ်ဆေးထိုးဖို့ အစီစဉ်ဆွဲထားတယ်။ ကလေးအားလုံး ကာကွယ်ဆေးထိုးနှံဖို့အတွက် စာရင်းတွေ ပြုစုနေပါတယ်။ တစ်တိုင်းလုံးဆိုရင် ပြီးခဲ့တဲ့ ကျောင်းခနဖွင့်ခဲ့တဲ့အချိန်မှာ ကျောင်းအပ်နှံခဲ့တဲ့ ကလေးအားလုံးပေါင်း ၁၉၆၉၁၉ယောက် ရှိပါတယ်။ အားလုံးကို လွှမ်းခြုံနိုင်အောင် ကာကွယ်ဆေးထိုးပေးဖို့ အစီစဉ်ရှိပါတယ်။ ဒီကြားထဲမှာ အရင်က ကျောင်းမအပ်ခဲ့တဲ့ ကလေးများ ကျောင်းလာအပ်ခဲ့ရင် ကာကွယ်ဆေးထိုးပေးဖို့ အစီစဉ်ရှိပါတယ်။ အရင်က အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမအပ်ခဲ့ပေမယ့် ကာကွယ်ဆေးထိုးချင်တယ် ဆိုပြီးတော့ အခုမှ ကျောင်းလာအပ်ဖို့ စီစဉ်နေတဲ့ မိဘတွေလည်း ရှိတယ်လို့ ကြားရပါတယ်။ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာလ ၁၂ရက်နေ့မှာ စတင်ပြီး ထိုးနှံဖို့ စီစဉ်ထားပါတယ်။ တစ်တိုင်းလုံးမှာ ရှိတဲ့ ကျောင်းသားကျောင်းသူတွေကို တစ်ချိန်ထဲမှာ တပြိုင်နက်ထိုးမှာဖြစ်ပြီး အားလုံးကို အခမဲ့ထိုးနှံပေးမှာပါ။

 

မေး      ။       ။   ကျောင်းသား၊ ကျောင်းသူကို ကိုဗစ် - ၁၉ကာကွယ်ဆေးထိုးနှံပေးဖို့ နေရာတွေ စီစဉ်ထားရှိမှုလေးလည်း ပြောပေးပါအုံးရှင့်။

 

ဖြေ     ။       ။   ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးတဲ့ နေရာကတော့ မြို့နယ်အလိုက်မှာ ကျန်းမာရေးဌာနက ကာကွယ်ဆေးထိုးနှံမယ့် အုပ်စု၊ သူတို့ပေးနိုင်မယ့် အရေအတွက်အရ အခြေခံပညာကျောင်းတွေကို စင်တာလုပ်ပြီး မြို့နယ်အလိုက် စင်တာခွဲပြီးမှ သတ်မှတ်ပေးထားပါတယ်။ ကာကွယ်ဆေးထိုးနှံပေးရတဲ့ ရည်ရွယ်ချက်ကတော့ ကျောင်းအမြန်ဖွင့်ချင်လို့ပါ။ မန္တလေးတိုင်းဒေသကြီးမှာ ကာကွယ်ဆေးထိုးရမယ့် ထက်ဆင့်သင် ၉၀၂ကျောင်းရှိတယ်။ လယ်ဆင့်သင်က ၁၃၆၄ကျောင်းဆိုတော့ စုစုပေါင်း၂၂၆၆ကျောင်းလုံးမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုထိုးနှံပေးသွားမှာပါ။ ကျောင်းတိုင်းမှာတော့ ထိုးမှာမဟုတ်ဘူး။ မြို့နယ် တစ်မြို့နယ်မှာ စင်တာအားဖြင့် ၄နေရာ ၃နေရာ စသဖြင့် ခွဲပြီးတော့ ကာကွယ်ဆေး ထိုးနှံပေးသွားမှာ ဖြစ်တဲ့ပါတယ်။ မန္တလေးတိုင်းအနေနဲ့ကတော့ စင်တာပေါင်း ၁၆၁ဖွဲ့ ကျန်းမာရေးဌာနက ပေးတဲ့ ထိုးနှံနိုင်မယ့်အဖွဲ့ကို မျှပြီးမှ ထိုးနှံပေးသွားမှာပါ။ မြို့နယ် ကျန်းမာရေးကနေ ပေးနိုင်တဲ့ ဆေးထိုးအုပ်စုအပေါ်မှာ မူတည်ပြီး စင်တာ သတ်မှတ်ပေးထားတာ ဖြစ်ပါတယ်။

 

မေး     ။       ။   ကျောင်းတွေ ပြန်ဖွင့်ဖို့ဆိုတော့ ဆရာ၊ ဆရာမတွေရဲ့ ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ထားမှု အခြေနေနဲ့ ကျောင်းတွေ ပြန်ဖွင့်ဖို့ ပြင်ဆင်ထားရှိမှုလည်း ပြောပေးပါရှင့်။

ဖြေ     ။       ။   ဆရာဆရာမတွေ ကာကွယ်ဆေးထိုးနှံတာတော့ အစောကြီးကတည်းက ဆောင်ရွက်ထားပါတယ်။ အခု ဆရာဆရာမတွေထဲက လက်ကျန် သုံးပုံတစ်ပုံလောက် ကာကွယ်ဆေးမထိုးရသေးတာလည်းဘဲ လက်ရှိဦးစားပေးပြီး Publicထဲမှာ ထိုးပေးဖို့ ကျန်းမာရေးဌာနနဲ့ ညှိနှိုင်းထားပါတယ်။ ကျောင်းပြန်ဖွင့်လာရင် အဆင်သင့်ဖြစ်အောင် ရုပ်ပိုင်းဆိုင်ရာ ပြုပြင်မှုအနေနဲ့ကတော့ အဆောက်အဦးပိုင်းဆိုင်ရာ ဆောက်လုပ်မှုအားလုံး ပြီးစီးနေပါပြီ။ အထူးသဖြင့် ကျောင်းဥပတိရုပ်ကောင်းမွန်ရေးဖို့ ကျောင်းတွေပြင်ဆင်တာတို့ ဆေးသုတ်တာတို့ ပြီးစီးပါပြီ။ ကျောင်းတွင်းသန့်ရှင်းရေးနဲ့ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး နေရာတွေကအစ  အဆင်သင့်လုပ်ထားပါတယ်။ နောက်ပြီး ကိုဗစ် ၁၉ကာကွယ်ရေးနဲ့ ပတ်သက်လို့ အစီအမံများဖြစ်တဲ့ ကျောင်းသားတိုင်း Mask ရရှိဖို့ Face Shield ရရှိဖို့ နောက် ကိုယ်အပူချိန်တိုင်း သာမိိုမီတာရရှိဖို့ နောက်လက်ဆေးဖို့ ဘေစင်တွေရော အကုန်လုံး ကျွန်တော်တို့ စီစဉ်ထားပါတယ်။

မေး      ။       ။   ကျောင်းသား၊ ကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံပေးတဲ့အခါ ဘယ်အဖွဲ့စည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရှိပါသလဲရှင့်။

 

ဖြေ     ။       ။   ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေးထိုးတဲ့အခါ လူမှုအဖွဲ့စည်းတွေ တော်တော်များများ ပူးပေါင်းဆောင်ရွက်မှာပါ။  ကျန်းမာရေးအဖွဲ့တွေအပြင် ကြက်ခြေနီ၊ မီးသတ်၊ လူကယ်ပြန်၊ အမျိုးသမီးရေးရာ၊ နောက်ကျေးလက်ဒေသမှာ ကျန်းမာရေးဝန်ဆောင်မှု ပေးနေတဲ့ အထောက်ကူပြုနေတဲ့ လူငယ်တွေ ရှိပါတယ်။ အဲဒီလူငယ်တွေ စတဲ့အဖွဲ့စည်းတွေ အားလုံးပူးပေါင်းဆောင်ရွက်မယ်လို့ ကြားသိရပါတယ်။

မေး     ။      ။   အခုလို ကျောင်းသားတွေ ကာကွယ်ဆေးထိုးနှံပေးမယ့် အပေါ် ကျောင်းသားမိဘတွေအနေနဲ့ ဘယ်လို တုန့်ပြန်မှုတွေ တွေ့ရပါသလဲရှင့်။

ဖြေ     ။        ။   အခုခေတ်မှာတော့ မြို့တွေရော ကျေးရွာတွေက မိဘများပါ ကျန်းမာရေးအသိတွေ တော်တော်ရှိနေတာ တွေ့ရပါတယ်။ အခုထိုးနှံပေးမယ့် ဆေးက ကလေးတွေကို ထိုးနှံပေးရင် အန္တရာယ်ရှိ၊ မရှိ သိသလို ဆေးရဲ့ အာနိသင်တွေကိုလည်း သူတို့သိတဲ့အတွက်ကြောင့် ကာကွယ်ဆေးထိုးကြဖို့ တော်တော်များများ လက်ခံကြတာကို တွေ့ရပါတယ်။ မိဘများက သူတို့ထက်ဆိုင်ရင် ကလေးတွေကို ပိုပြီးကျန်းမာရေးစောင့်ရှောက်ချင်တယ်။ အဲဒါကြောင့် အရင်တုန်းက လုံခြုံရေးအခြေနေအရသော်လည်းကောင်း၊ ကိုဗစ်ရောဂါအခြေနေအရ သော်လည်းကောင်း ကျောင်းမအပ်ဖြစ်ခဲ့တဲ့ မိဘတွေတောင် အခုပြန်အပ်လာမယ့် ကျောင်းသား၊ ကျောင်းသူတွေက တော်တော်များတော့ နောက်တိုးစာရင်းတောင် တော်တော်လုပ်ရမယ့် သဘောရှိပါတယ်။  မိဘတွေကိုလည်း ကော်မတီတွေမှာ ထည့်ထားပါတယ်။ မိဘတွေလည်း တက်တက်ကြွကြွပါဝင်လာတယ်လို့ ကြားသိရပါတယ်။

မေး     ။       ။   ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးမယ့် အပေါ် ဆရာ့အမြင်လေး ပြောပေးပါရှင့်။

ဖြေ     ။       ။   ကာကွယ်ဆေးထိုးပေးတာက ကျောင်းတွေ ပြန်ဖွင့်တဲ့အခါမှာ အထောက်ပံ့ဖြစ်ပြီး ကောင်းမွန်ပါတယ်။ ကလေးတွေကို ကာကွယ်ဆေးထိုးပေးတာက ပြည်သူရဲ့ အစိတ်အပိုင်းတစ်ခု အဖြစ် လွှမ်းခြုံသွားတဲ့အတွက်ကြောင့် ကာကွယ်ဆေးထိုးပြီးတဲ့ လူဦးရေ များလေ ကောင်းလေဘဲ ဆိုတော့ ကောင်းတဲ့အလားအလာပါ။ ပြီးတော့ အနာဂတ်ရဲ့ အဓိက အရေးပါတဲ့ ကလေးတွေကို အခုလို ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်တယ်။ ကျောင်းဖွင့်လှစ်နိုင်ဖို့အတွက် သူများနိုင်ငံတွေမှာ ကာကွယ်ဆေးတွေ ထိုးသလို ဒီမှာလည်း ကာကွယ်ဆေးတွေ ထိုးပေးတဲ့အတွက် ဆရာတစ်ယောက်အနေနဲ့ ဝမ်းသာပီတိဖြစ်ရပါတယ်။

မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝင်းနိုင်

 

မေး     ။       ။   အသက် ၁၂နှစ်နဲ့အထက် အသက် ၁၈နှစ်နဲ့အောက် အခြေခံပညာအထက်တန်း ကျောင်းနဲ့ အခြေခံပညာအလယ်တန်းကျောင်းက ရှိတဲ့ ကျောင်းသား ကျောင်းသူတွေကို ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးဖို့ စီစဉ်ရတဲ့ ရည်ရွယ်ချက်လေး သိပါရစေရှင့်။

ဖြေ     ။       ။   မြန်မာနိုင်ငံမှာ အသက် ၁၂နှစ်နဲ့အထက် အသက် ၁၈နှစ်နဲ့အောက် အခြေခံပညာ အထက်တန်းကျောင်းနဲ့ အခြေခံပညာအလယ်တန်းကျောင်းက ရှိတဲ့ကျောင်းသား ကျောင်းသူတွေကို ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးသွားဖို့ စီစဉ်နေပါတယ်။ ထိုးနှံပေးရတဲ့ ရည်ရွယ်ချက်က ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်ရောဂါ ကာကွယ် ဆေးထိုးပေးခြင်းဖြင့် ကျောင်းသားကျောင်းသူများ ပညာသင်ခွင့် အခွင့်အလမ်းများ ရရှိလာဖို့ ကိုဗစ် - ၁၉ရောဂါ ဖြစ်ပွားမှုသေဆုံးမှုကို လျော့ချပေးဖို့လည်း ရည်ရွယ်ပါတယ်။ နောက်တစ်ခုက ကျောင်းသား ကျောင်းသူများမှ တစ်ဆင့် မိဘတွေဖြစ်တဲ့ မိသားစုတွေကို ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်တားဆီးနိုင်မှာ ဖြစ်ပါတယ်။ ကျောင်းတွေ ဖွင့်ထားတာကလည်း ကိုဗစ်စဖြစ်စကတည်းက ၂နှစ်လောက်ရှိပြီ။ တတိယလိုင်း စခါနီးတော့ တစ်လကျော်ကျော်လောက်ဘဲ ဖွင့်ရသေးတယ်။ ပြန်ပိတ်လိုက်ရပါတယ်။ အဲတော့ ကျောင်းသူ ကျောင်းသားတွေကို ရောဂါကင်းစင်တဲ့ ပတ်ဝန်းကျင်မှာ စာသင်ကြားဖို့ အခွင့်လမ်းတွေ ရရှိလာဖို့ ကိုဗစ်ရောဂါ ကာကွယ်ဆေးကို ၁၂နှစ်နဲ့ အထက် ကျောင်းသား ကျောင်းသူတွေကို ထိုးနှံပေးဖို့ ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။

 

မေး     ။       ။   လက်ရှိ ကျောင်းသား၊ ကျောင်းသူတွေကို ထိုးနှံပေးဖို့ စီစဉ်ထားတဲ့ ကိုဗစ် - ၁၉ရောဂါကာကွယ်ဆေး အမျိုးအစားနဲ့ အဲဒီဆေးအကြောင်းလည်း ရှင်းပြပေးပါအုံးရှင့်။

ဖြေ     ။       ။   ကျောင်းသား၊ ကျောင်းသူတွေကို ထိုးနှံပေးမယ့် ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေး အမျိုးအစားကတော့ Sinovac ကာကွယ်ဆေးဖြစ်ပါတယ်။ အဲဒီကာကွယ်ဆေးကို ဆေးသဘာ၀ရော ပါဝင်ပစ္စည်းတွေရော တွက်ချက်ပြီးတဲ့အခါကျမှ လူစုလူဝေးရှိတဲ့နေရာတွေမှာ သွားရမယ့် သူတွေကို ထိုးပေးတာဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း Pre - qualifiedအနေနဲ့ ကလေးတွေကို ထိုးနှံတာကို အဆင့်ဆင့် သုတေသန ပြုလုပ်လျက်ရှိပါတယ်။ ဒါကြောင့်မို့ Sinovac ကာကွယ်ဆေးကို ထိုးနှံပေးဖို့ စီစဉ်ထာ ဖြစ်ပါတယ်။ ထိုးနှံတဲ့ ပမာဏကလည်း 0.5 ml/ dose Injectionဖြစ်တဲ့အတွက် လူကြီးတွေကို ထိုးပေးတဲ့ ပမာဏနဲ့ တူပါတယ်။ ဒီကာကွယ်ဆေး ထိုးနှံပေးမှုကို ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံမှာ (၁၅.၈.၂၀၂၁)အထိ အသက် ၃နှစ်ကနေ ၁၇နှစ်ထိ ကလေးတွေ ၆၃သန်းကို ထိုးနှံခဲ့ပြီး ဖြစ်ပါတယ်။ ချီလီနိုင်ငံမှာ (၂၆.၉.၂၀၂၁)အထိ  အသက် ၁၆နှစ်နဲ့ အသက် ၁၇နှစ် ကလေး ၈၇ရာခိုင်နှုန်း၊ အသက် ၁၄နှစ်နဲ့ ၁၅နှစ် ကလေးတွေကို ၈၁ရာခိုင်နှုနး်ထိုးပြီး ဖြစ်ပါတယ်။ အသက် ၁၂နှစ်နဲ့ ၁၃နှစ် ကလေးတွေကို ၅၇ရာခိုင်နှုန်း ထိုးနှံပေးခဲ့ပြီး ဖြစ်ပါတယ်။ ကမ္ဘာဒီးယားနိုင်ငံမှာဆိုရင် (၂၉.၉.၂၀၂၁)အထိ အသက် ၁၂နှစ်ကနေ ၁၇နှစ်အတွင်းကို ၈၉.၃၁ရာခိုင်းနှုနး် လူဦးရေ ၁သိန်း၇သောင်းကျော် ထိုးနှံခဲ့ပြီး အသက် ၆နှစ်ကနေ ၁၂နှစ်ထိ ကလေး ၈၅.၅၁ရာခိုင်နှုန်း လူဦးရေ ၁သိန်း၇သောင်းကျော် ထိုးနှံပြီးဖြစ်ပါတယ်။ ဒါတွေက Sinovacကာကွယ်ဆေး ထိုးနှံတဲ့ နိုင်ငံတွေအကြောင်း တင်ပြဆွေးနွေးခြင်း ဖြစ်ပါတယ်။ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ကြီးဌာနက နိုင်ငံတကာမှာ ကလေးတွေ ကာကွယ်ဆေးထိုးနှံမှု အခြေအနေကို ကြည့်ပြီး ဆောင်ရွက်တာဖြစ်ပါတယ်။

မေး     ။       ။   Sinovac ကာကွယ်ဆေးက ထိုးနှံပြီးတဲ့အခါ ဘေးထွက်ဆိုးကျိုးရော ရှိပါသလားရှင့်။ ပြီးတော့ ကာကွယ်ဆေးထိုးနှံတဲ့ နေရာတွေမှာရော ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပြင်ဆင်ထားရှိမှုလည်း ပြောပြပေးပါရှင့်။

ဖြေ     ။       ။   Sinovac ကာကွယ်ဆေးထိုးနှံပြီးတဲ့အခါ သာမန် နောက်ဆက်တွဲ ပြသနာဖြစ်ပွား သူက တစ်သိန်းမှာ (၂.၇)ဦး (၀.၀၀၂၈) ရာခိုင်နှုန်းလောက်ဘဲ ရှိပါတယ်။ ပြင်းထန်နောက်ဆက်တွဲ ပြသနာဖြစ်ပွားသူက တစ်သိန်းမှာ (၀.၁)ဦးလောက်သာ ဖြစ်ပွားပြီး ရာခိုင်နှုန်းအားဖြင့် (၀.၀၀၀၁) ရာခိုင်နှုန်းလောက်သာ ရှိတဲ့အတွက် ပြင်းထန်နောက်ဆက်တွဲ ပြသနာဖြစ်ပွားသူ မရှိသလောက်ဘဲလို့ ပြောလို့ရပါတယ်။ဘေးထွက်ဆိုးကျိုးလေးတွေ ရှိခဲ့ရင်လည်း အရေးပေါ်ကားတွေ လူနာတင်ယာဉ်ကားတွေ စီစဉ်ထားပါတယ်။ လိုအပ်တဲ့ ဆေးဝါးတွေလည်း ပြင်ဆင်ထားပါတယ်။ ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းတွေဆို အသက် ၁နှစ်အောက် ကလေးတွေကို ထိုးတာဖြစ်ပါတယ်။ ဒါကျတော့ အသက် ၁၂နှစ်ကနေ ၁၈နှစ်အတွင်း ကလေးတွေကို ထိုးပေးတာ ဖြစ်တဲ့အတွက်ကြောင့် ဒီအရွယ်ကျ ဆေးထိုးတာ နာတာတို့ ကြောက်တာတို့ ဖြစ်တတ်ပါတယ်။ အဲကျ ကြောက်လို့ လန့်လို့ သတိမေ့တာတွေ မူးတာတွေ ရှိတတ်ပါတယ်။ ဒါတွေ မဖြစ်အောင် ကျန်းမာရေး ဝန်ထမ်း စေတနာ့ဝန်ထမ်း၊ လူမှုဝန်ထမ်းတွေ လိုအပ်ပါတယ်။ အဲဒါတွေလည်း စီစဉ်ထားပါတယ်။ မိဘ ပြည်သူတွေအနေနဲ့ ကာကွယ်ဆေးထိုးလာတဲ့အခါ စိုးရိမ်ပူပန်မှုတွေ မဖြစ်အောင် အားလုံးကို အသေးစိတ် စီမံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး     ။       ။   ဘယ်လိုရောဂါရှိတဲ့ ကျောင်းသားတွေက ကာကွယ်ဆေးမထိုးနှံသင့်ပါသလဲရှင့်။

ဖြေ     ။       ။   အသက် ၁၂နှစ် မပြည့်သေးရင် မထိုးနဲ့အုံးပေါ့။ Sinovac ကာကွယ်ဆေး သို့မဟုတ် ကာကွယ်ဆေး တစ်မျိုးမျိုးနဲ့ ဓာတ်မတည့်သူတွေ၊ နောက်တစ်ခုက ယာယီကာကွယ်ဆေး မထိုးနှံပေးရမယ့် ကျောင်းသား၊ ကျောင်းသူဆိုတာ ရှိပါတယ်။ လက်တလော ဖျားနာနေတဲ့သူ၊ နှစ်ပတ်အတွင်း ဖျားနာနေရင်တော့ မထိုးပါနဲ့အုံး နောက်တစ်ကြိမ်မှာ သက်ဆိုင်ရာဆရာဝန်တွေကို ၂ပတ်ကျော်သွားမှ ပြောပြီး ထိုးလို့ ရပါတယ်။ နောက်တစ်ခါ ဆီးချိုရောဂါ အသည်းရောဂါ ဦးနှောက်အာရုံကြောရောဂါရှိရင်လည်း သက်ဆိုင်ရာ ကလေးအထူးကုသမားတော်တွေနဲ့ ပြပြီးမှာ ကာကွယ်ဆေးထိုးဖို့ အကြံပြုပါတယ်။ နောက်တစ်ခုက သွေးရောဂါတွေဖြစ်တဲ့ သွေးဥမွှာနည်းတဲ့ ကလေးတွေ သွေးမတိတ်ရောဂါ ရှိတဲ့ ကလေးတွေလည်း ထိုးလို့ မရသေးပါဘူး။ အဲဒါတွေဆို ကြိုပြောထားပါ။ သက်ဆိုင်ရာ ကလေးအထူးကုဆရာဝန်တွေနဲ့ တိုင်ပင်ပြီးတော့မှ ထိုးနှံသင့်ပါတယ်။ ကိုယ်ခံအားကျနေတဲ့ ကလေးတွေ၊ ကင်ဆာရောဂါ၊ ကျောက်ကပ်ရောဂါ ရှိတဲ့ကလေးတွေ၊ တချို့ကလေးတွေလည်း မိဘတွေကနေ တဆင့် AIDSရောဂါပါလာလို့ ဆေးသောက်နေရတဲ့ ကလေးတွေ ရှိရင်လည်း ထိုးနှံလို့ မရသေးပါဘူး။ ဒါတွေကိုတော့ ကလေးတွေ ကာကွယ်ဆေးထိုးတဲ့ နေရာမှာ ယာယီ ဆေးထိုးမပေးရတဲ့ ကလေးတွေကို သက်ဆိုင်ရာ ကလေးအထူးကု ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ပြီးမှ ဆေးထိုးပေးရမယ့် ကျောင်းသားကျောင်းသူတွေ ဆိုပြီး မေးမြန်းပြီးမှ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အသက် ၁၂နှစ်နှင့်အထက် အသက် ၁၈နှစ်အောက် ကလေးများ ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ် ပထမအကြိမ် (First dose)ကို သတ်မှတ်ထားသည့် အချိန်ကာလ တစ်ပတ်အတွင်း အပြီးထိုးနှံပေးသွားမည်ဖြစ်ပြီး ဒုတိယအကြိမ် ( Second dose)ကို ၂၈ရက်ခြားပြီး ထိုးနှံပေးရန် စီစဉ်ထားကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့်အခါ မိဘများ ၊ အုပ်ထိန်းသူများ၏ ခွင့်ပြုချက်ကို ရယူသွားမည် ဖြစ်ကြောင်း၊ မိဘ၊ အုပ်ထိန်းသူများ၏ ခွင့်ပြုချက် မရရှိပါက ကာကွယ်ဆေးထိုးနှံပေးမည် မဟုတ်ကြောင်း သိရသည်။ထိပ်ထားနိုင်

ထိပ်ထားနိုင်