မန်ကန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိပညာပေးနှိုးဆော်

မန်ကန် ‌အောက်တိုဘာ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် မန်ကန်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များပူးပေါင်း၍ မြို့တွင်းရပ်ကွက်များနှင့် လူသွားလူလာ များသည့် နေရာများတွင် ယနေ့နံနက် (၉) နာရီအချိန်က အသိပညာပေး နှိုးဆော်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ထိုသို့အသိပညာပေးနှိုးဆော်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ လမ်းညွှန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး လိုက်နာရမည့်နည်းလမ်းများ၊ ဆောင်ရန်ရှောင်ရန်အချက်များ၊ ကျန်းမာ‌ရေးဆိုင်ရာ အသိပညာပေးများနှင့် မိဘပြည်သူများ အားလုံး ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် (Hand speaker) ဖြင့် (ရှမ်း၊ ဝ၊ ဗမာ) သုံးဘာသာဖြင့် အသိပညာပေး နှိုးဆော်မှုများကြောင့် ယနေ့အချိန်ထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများ မရှိသေးကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကင်းစင်နယ်မြေအဖြစ် ရပ်တည်လျက်ရှိသည့် မန်ကန်မြို့သည် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေး ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းကို မန်ကန်မြို့ ကိုဗစ် -၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မန်ကန် (ပြန်/ဆက်)