မုဒုံ အောက်တိုဘာ ၈
မွန်ပြည်နယ် မုဒုံမြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် အသက် ၁၂ နှစ်ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေးထိုးနှံရာတွင် စာရင်းဇယားများမှန်ကန်စွာ ဖြည့်သွင်းတတ်စေရန် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကွန်ပျူတာ နည်းပညာပိုင်းဆိုင်ရာ သင်တန်းပို့ချ ပေးလျက်ရှိသည်။
အဆိုပါသင်တန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းအောင်နှင့် မြို့နယ်ကော်မရှင်ရုံး ဦးစီးအရာရှိ ဒေါ်ခိုင်ချိုချိုထက်တို့က ကွန်ပျူတာ အသုံးပြု၍ Excel မှတဆင့် ကျောင်းသား၊ ကျောင်းသူများ၏ အမည်၊ အဘအမည်၊ ကျောင်း အမည်၊ နေရပ်နှင့် ဆက်သွယ်ရန်ဖုန်းနံပတ်များ ရေးသွင်းနည်းကို Power Point ဖြင့် ရှင်းလင်းသင်ကြားလျက်ရှိသည်။ ၎င်းသင်းတန်းသို့ တက်ရောက် လာကြသော ဆရာ/ ဆရာမများက မိမိတို့ရေးသွင်းရမည့် Software Excel ဖိုင်၏ လိုအပ်ချက်များနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။
ယင်းသင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း/အထက်တန်းကျောင်း ၁၆ ကျောင်းမှ ကွန်ပျူတာသင်ကြားရေး ဆရာ/ဆရာမများနှင့် ကွန်ပျူတာကျွမ်းကျင် ဆရာ/ဆရာမ ၁၇ ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ရက်တို တစ်ရက်သင်တန်း ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးထံမှ သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)