သထုံ အောက်တိုဘာ ၈
ယခုနှစ် ရာဘာခြံဖွင့်ရာသီစတင်ချိန်၌ ရာဘာဈေးကောင်းရနေသောကြောင့် ခြံရှင်အများစုမှာ ရာဘာပြားမှိုင်းခံခြင်း မပြုလုပ်တော့ဘဲ နေလှန်းပြားများကိုသာ အဝယ်ဒိုင်များထံ ရောင်းချ နေကြကြောင်း သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ဝင်းပကျေးရွာမှ ရာဘာစိုက်ပျိုး သူများ၏ ပြောကြားချက်အရ သိရသည်။
"မနှစ်ကထက်တော့ ဈေးပိုရပါတယ်၊ ခုအချိန်က ခြံထဲကထွက်သလောက် တစ်ပတ်၊ ဆယ်ရက် တစ်ခါစုပြီး ရောင်းတာပေါ့၊ ခုဖြစ်နေတာက မှိုင်းဈေးနဲ့ နေလွတ်ဈေးက သိပ်မကွာဘူး မှိုင်းတင်ရင် အလုပ်ပိုများတယ်၊ ဒါကြောင့် အများအားဖြင့် မှိုင်းမတင်ဘဲ ရောင်းကြတာ။ ခြံအစေးခြစ် သမားတွေရဲ့ လစာက ကြိုပေးထားရတာကြောင့် လက်ထဲ ငွေပေါ်ဖို့လည်း ရောင်းရတယ်၊ အပင် ၃၀၀ လောက်ရှိတဲ့ ခြံတစ်ကွက်ကို အစေးခြစ်ခ ကိုးသောင်းခွဲကျပ် ပေးရတယ်၊ တစ်လကို အလုပ်သမားခ လေးသိန်းကျပ်နီးနီးလောက် ကုန်တယ်။ ဒီဈေးနှုံးအောက် မကျရင်တော့ မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေပါတယ်" ဟု ဝင်းပကျေးရွာမှ တစ်နိုင်တစ်ပိုင် ရာဘာခြံလုပ်ကိုင်သူ ဒေါ်မီးငယ် က ပြောသည်။
ယခင်နှစ်က ရာဘာတစ်ပေါင် ၈၀၀ ကျပ်ခန့်ဖြင့် ဈေးဖွင့်ခဲ့ပြီး ယခုနှစ်တွင် ၁၀၀၀ ကျပ်ဝန်းကျင် ဈေးနှုံးရှိကာ နေလှန်းပြားများကိုသာ လာရောက်ရောင်းချသူများကြောင်း ရာဘာရောင်းဝယ်ရေး လုပ်ငန်းရှင် တစ်ဦးကပြောသည်။
"ရာဘာစပြီးဝယ်တဲ့ တော်သလင်းလကွယ်နေ့လောက်ကစပြီးတော့ နေလှန်းပြားတွေဘဲ အဝယ်များတယ်။ ဒီနှစ်ကတော့ စဖွင့်ထဲက လာရောင်းတဲ့သူလည်း အတော်လေးများတယ်" ဟု သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက်ရှိ ရွှေလက်ဆောင် ရာဘာရောင်းဝယ်ရေးဆိုင်မှ ဆိုင်ရှင်ဖြစ်သူ ဒေါ်ထားရွှေက ပြောသည်။
လက်ရှိအချိန်တွင် သထုံမြိုနယ်အတွင်း ရာဘာမှိုင်းခံပြီး တစ်ပေါင်လျှင် ၁၀၇၀ ကျပ်၊ နေလွတ် တစ်ပေါင် ၁၀၆၀ ကျပ်နှင့် နေလှန်း တစ်ပေါင်လျှင် ၉၇၀ ကျပ်နှုန်းတို့ဖြင့် ဈေးပေါက်နေပြီး ဒေသအလိုက် ဈေးနှုန်းများလည်း ကွာခြားနေကာ ပေါက်ဈေးမတည်ငြိမ်မှုကြောင့် ရာဘာ လုပ်ကိုင်သူများ အခက်တွေ့ရကြောင်း သိရသည်။
ကိုကိုဦး(ပြန်/ဆက်)