ကျောက်ဖြူ အောက်တိုဘာ ၈
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ ဒေသထွက်ရွှေပုဇွန်ခြောက်နှင့် ရေထွက်ကုန်ပစ္စည်းများ ကို အွန်လိုင်းအသုံးပြု၍ ရောင်းချလာသူများပြားလာပြီး ၎င်းကုန်ပစ္စည်းများကို မြန်မာနိုင်ငံအနှံမှ ပြန်လည်ရောင်းချ၊ စားသောက်ကြမည့် ဝယ်ယူသူများစွာရှိကြောင်း Hsu Family ပုဇွန်ခြောက်နှင့် ပင်လယ်စာဖြန့်ချီရေး Page ထောင်ထားသည့် လုပ်ငန်းရှင် တစ်ဦးထံမှ သိရသည်။
“ကျွန်မတို့က ဒီလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့တာက မြန်မာနိုင်ငံမှာ ကိုဗစ်ဒုတိယလှိုင်းဖြစ်နေ တဲ့အချိန်လောက်က စပြီးတော့လုပ်ခဲ့တာပါ၊ စလုပ်ဖြစ်ခဲ့တုန်းက ပုဇွန်ခြောက်ပိဿာ ၅၀ လောက်နဲ့စခဲ့တယ်၊ ကိုယ့်မြို့နယ်နဲ့ ရခိုင်ပြည်နယ်အတွင်းလောက်ဘဲ ဖြန့်ချီရောင်းချမယ် ဆိုပြီး ရည်ရွယ်ချက်နဲ့ပေါ့၊ ဒါပေမယ့် ရွှေပုဇွန်ခြောက်တွေက အရည်အသွေး တစ်အားကောင်းတော့ တစ်ခြားပြည်ပကမှာ ယူတွေရှိလာကြတယ်၊ ဒီလိုနဲ့ဘဲ ဒီလုပ်ငန်းကြီးကို စလုပ်ဖြစ်သွားပါတယ်၊ ခုတော့ ရွှေပုဇွန်ခြောက် လုပ်ငန်းတွေအပြင် ငပိ၊ ငါးခြောက်၊ ငါးမုန့်တွေပါ မြန်မာပြည်အနှံ့ အိမ်အရောက် ငွေချေစနစ်နဲ့ ပို့ဆောင် ရောင်းချပေးနေပါတယ်” ဟု Hsu Family ပုဇွန်ခြောက်နှင့် ပင်လယ်စာဖြန့်ချီရေး Page တွင် live လွင့်ရောင်းချနေသည့် လုပ်ငန်းရှင် ဒေါ်ဆုထက်အောင်က ပြောကြားသည်။
ကျောက်ဖြူမြို့နယ်တွင် ယခင်က အွန်လိုင်းစနစ်ဖြင့် ပင်လယ်စာရေထွက်ကုန် ပစ္စည်းရောင်းချသူ မရှိသလောက် နည်းပါးသော်လည်း ယခုကိုဗစ်ရောဂါ ဖြစ်လာသည့် နောက်ပိုင်းတွင် သိသိသာသာ ရောင်းချလာကြကြောင်း၊ ကျောက်ဖြူမြို့ပေါ်တွင် အွန်လိုင်းဖြင့် ရောင့်ချသူအနည်းဆုံး ၁၅ ဦး အထက်တွင်ရှိကြောင်း၊ အွန်လိုင်းအသုံးပြု ရောင်းချရာတွင် အခက်အခဲ အနည်းငယ်ရှိသော်လည်း ဝယ်ယူသူ ကာစတန်မာများမှ ပစ္စည်းလက်ခံရရှိကြေင်းနှင့် ကြိုက်နှစ်သက်ကြောင်း ဖုန်းဖြင့်ဆက်သွယ် အကြောင်းကြား လာသဖြင့် ဝမ်းသာရကြောင်း မျှင်ငပိရောင်းချသူ ဒေါ်ဇင်မာမင်းထံမှ သိရသည်။
အဆိုပါ ကျောက်ဖြူဒေသထွက် ရွှေပုဇွန်ခြောက်နှင့် ငပိ၊ ငါးခြောက်များကို အွန်လိုင်းမှတစ် ဆင့်ရောင်းချသူများမှာ ဈေးကွက်အနေဖြင့် ပြည်နယ်အတွင်းရှိ ဈေးကွက်များအပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပြင်ဦးလွင်၊ ပခုက္ကူ၊ မကွေး စသည့်မြို့ကြီးများနှင့် မြန်မာနိုင်ငံအနှံရှိ မြို့နယ်များသို့ အိမ်အရောက် ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။
ယင်းအပြင် ရောင်းချရာတွင်လည်း Offline ဖြင့်ရောင်းချခြင်းထက် Online ဖြင့် ရောင်းချခြင်းက ပိုမို၍ရောင်းအားကောင်းကြောင်း အဆိုပါရေထွက်ကုန်ပစ္စည်း ရောင်း/ဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)