တိုက်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပန်းခင်းစီမံချက် အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

တိုက်ကြီး       အောက်တိုဘာ          ၈

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်း သတ်မှတ်ချက်များနှင့် အညီ ကိုက်ညီသည့် နိုင်ငံသားများ မကျန်ရှိစေရန် ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး  ဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်းပြီး ပန်းခင်းစီမံချက် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပန်းခင်းစီမံချက် အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပန်းခင်းစီမံချက် အကြောင်း သိကောင်းစရာများနှင့် ပတ်သက်၍ မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မင်းထွေးနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စန်းကလျာခိုင် တို့က ပန်းခင်းစီမံချက်အကြောင်း၊ ပန်းခင်းစီမံချက်ဟု အမည်ပေးရသည့် ရည်ရွယ်ချက်၊ နေထိုင်မှုပုံစံ အမျိုးအစား(၄)မျိုးအကြောင်း၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို မြို့နယ်ရုံးနှင့် ရပ်ကွက်/ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက် ပေးနေမှု အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ပြည်သူများ လာရောက်လျှောက်ထားရာတွင် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးရာတွင် အသက်အရွယ် ကန့်သတ်ချက်များ စသည့်တို့ကို ဆွေးနွေးခဲ့ကြသည်။

တိုက်ကြီးမြို့နယ်တွင် ပန်းခင်းစီမံချက် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင်