ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်းစကားသံများ

ခရမ်း အောက်တိုဘာ  ၈

ရန်ကုန်တိုင်းဒေသကြီး‌၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည် ကျန်းမာလာသူများ၏ ရင်တွင်းစကားသံများကိုလည်း ဖော်ပြလိုက် ရပါသည်-

ဒေါ်မြသန်း ( ၅၅ )နှစ်

( ဈေးသည် )

 ကျွန်မ က ဇူလိုင် လ ၂၈ ရက်နေ့မှာ ကိုဗစ် ရောဂါစတင်ဖြစ်တာပါ။ အဲမတိုင်ခင် တစ်ပတ် လောက်ကထဲက ခန္ဒာကိုယ်အောက်ပိုင်းတွေ ကိုက်ခဲလာတာပါ။ ကိုက်တာမှ လုံးဝလမ်းလျှောက်လို့ မရတော့အောင် ခြေထောက်တွေ နာကျင်လာပါတယ်။ အဲဒါနဲ့ ရိုးရိုးကိုက်ခဲတာဆိုပြီး ဆေးသောက်ပြီးနေခဲ့ပါတယ်။ ဖျားပြီး သုံးရက် လောက်ကြာတော့ အနံစပျောက်တယ်ရှင့်။ အဲ့ဒါနဲ့ ကျွန်မ ကိုဗစ် ရောဂါဖြစ်ပြီဆိုတာသိလိုက်ပါတယ်။  ကိုဗစ်ဖြစ်ပေမဲ့ကျွန်မက စင်တာများကို သွားရောက်ကုသခြင်းမရှိပါဘူး။  ကိုယ့်အိမ်မှာပဲကုမယ်ဆိုပြီး အိမ်မှာ အခန်းခွဲပြီးပဲနေလိုက်ပါတယ်။ ဆေးကိုလည်း စနစ်တကျ သောက်တယ်၊ အချိန်မှန်လည်း အိပ်ပါတယ်။ အစားများများစားတယ်။ ကြက်ဥပြုတ်စားပါတယ်။ Vitamin ဆေးဝါး‌တွေနဲ့ အဖျားကျဆေးတွေကို ဆရာဝန်လမ်းညွှန်ချက်နဲ့ အချိန်မှန်သောက်ပါတယ်။  ဒီလိုနှင့်အနံ့ပျောက်ပြီး တစ်ပတ်လောက်မှာ အနံ့ပြန်ရ လာပါတယ်။ အနံ့ပြန်ရပေမဲ့လည်း အပြင်လုံးဝမထွက်ခဲ့ပါဘူး။  အိမ်ခန်းထဲမှာ (၁၄) ရက်ကြာအောင် ကျွန်မ  အခန်းခွဲပြီးနေခဲ့ပါတယ်။ စဖြစ်တဲ့ အချိန်တုန်းကတော့ အရမ်းအားငယ်မိတယ်။ သေရမှာတော့ ကြောက်တယ်လေ။ နောက်ပိုင်းစိတ်ကို လုံးဝတင်းပြီတော့ သူများတွေတောင် ဒီရောဂါကို အနိုင်ယူနိုင်သေးတာပဲ ငါလည်းတိုက်ထုတ်နိုင်ရမယ် ဆိုပြီးတော့ ” စိတ်ဆုံးဖြတ်ချက် ချပြီး  ကုသခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်မပြောချင်တာကတော့ မိဘပြည်သူများကို ကိုဗစ်-၁၉ ရောဂါပိုး မဖြစ်ပွားစေဖို့  Mask ကို မဖြစ်မနေတပ်ပါ၊ လက်ကို ဆပ်ပြာနဲ့ ခဏခဏ မဆေးနိုင်ရင်တောင် Hand Gel ကို အမြဲဆောင်ပြီး လက်ဆေးပါ၊ အားရှိတဲ့ အစားအစာများကို အချိန်မှန်စားပါ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးများကိုလည်း မဖြစ်မနေ ထိုးနှံကြပါလို့ ပြောချင်ပါတယ်ရှင်၊ ကျေးဇူးတင်ပါတယ်ရှင်။

ခရမ်း ပြန်/ဆက်