သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းများကို ကျေးရွာများအရောက်ဆောင်ရွက်

သီပေါ  အောက်တိုဘာ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ကျေးရွာများအရောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်   သီပေါမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်အတွက် အတတ်နိုင်ဆုံးအိမ်တွင်း၌သာ နေထိုင်ကြရန်၊ ပြင်ပမှဧည့်သည်များ လက်မခံရန်နှင့် အခြားသူများထံသွားရောက်ခြင်းမပြုရန်၊အပြင်ထွက်ပါက ပါးစပ်နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏဆပ်ပြာနှင့် စနစ်တကျစက္ကန့်(၂၀)ကြာ   ဆေးကြောရန်၊ လူထူထပ်သည့်နေရာများသို့ သွားရောက်ခြင်းမှရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း(Mask) မတပ်ဆင်ထားသော သူများနှင့်တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန် ၊ မိမိနေအိမ် အခန်းများကိုလေဝင်လေထွက်ကောင်းအောင်ပြုလုပ်ထားကြရန်၊ အပြင်မှ ပြန်လာတိုင်း Mask စနစ်တကျ စွန့်ပစ်ရန်၊ သက်ကြီးရွယ်အိုများ၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါအခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာ ပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်သဖြင့် ဂရုပြုနေထိုင်ရန်၊ ရောဂါကူးစက် ခံရသည်ဟု သံသယရှိပါကနီးစပ်ရာကျန်းမာရေးဌာနသို့ဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် တာဆီးထိန်းချုပ်နိုင်ရေးအတွက် ပြည်သူအားလုံးလိုက်နာကြပြီးပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်စသည့် အချက်များအား လိုက်လံအသိပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။     

သီပေါမြို့နယ်တွင် ယနေ့နံနက်ပိုင်းအထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့အတည်ပြုလူနာပေါင်း (၁၄၈၆)ဦး ရှိပြီး၊ သေဆုံးသူ(၈၉)ဦးရှိပြီဖြစ်ကြောင်းနှင့် လက်ရှိမြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေသူ (၇၈)ဦး ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)