မိုင်းယု အောက်တိုဘာ ၈
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ရှိ ကုန်စုံဆိုင်၊ ဈေးဆိုင်များနှင့် စားသောက်ဆိုင်များ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချစေရန် အတွက် ယနေ့ နံနက်ပိုင်း မြို့စည်ပင်သာယာရေးဌာနနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့မှ သတိပေးကြော်ငြာ ချက်များကို လိုက်လံဖြန့်ဝေခဲ့ကြသည်။
အဆိုပါ ဖြန့်ဝေရာသို့ မြို့စည်ပင်သာယာရေးဌာနမှ မြို့ဦးစီးမှူး ဦးသီဟသူနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးခွန်အာကာထွန်းတို့မှ ဒေသတွင်းရှိ စားသောက်ဆိုင်နှင့် ကွမ်းယာဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်နှင့်အညီ ဆိုင်ရှေ့ ခြောက်ပေအကွာ ကြိုးတန်း၍ အဝင်ဝတွင် လက်ဆေးရည်(Hand Gel)များ ထားရှိစေရေး၊ ဈေးဝယ်သူနှင့် ရောင်းသူများလဲ နှာခေါင်းစည်း (Mask)တပ်ဆင်၍ ခြောက်ပေအကွာတွင် ပြောဆိုကာ ဈေးဝယ်/ရောင်းချ ပြုလုပ်စေရေး၊ လူစုလူဝေး မဖြစ်စေရေးတို့ကို အထူးကြပ်မတ်သတိပေးစစ်ဆေးခဲ့ကြသည်။
ထို့အတူ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကိုလည်း ဆိုင်ထိုင်၍ စားသောက်သုံးဆောင် ခြင်းများ ခွင့်မပြုစေဘဲ ပါဆယ်စနစ်(Take Away)ဖြင့်သာ ရောင်းချစေရန် အသိပေးလမ်းညွှန်မှာကြားခြင်းနှင့် ဈေးရောင်းချမှုကိုလည်း နံနက် ၇ နာရီမှ မွန်းတည့် ၁၂ နာရီထိ၊ ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ရက်သတ္တပတ်တစ်ပတ်အကြာ အချိန်သတ်မှတ် ဖွင့်လှစ်ရောင်းချစေရေး တို့အတွက် သတိပေးကြော်ငြာချက်များကို လိုက်လံဖြန့်ဝေခဲ့ကြောင်း မြို့စည်ပင်သာယာရေးဌာနမှ သိရသည်။
မိုင်းယုမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူအတည်ပြုလူနာ အမျိုးသမီးတစ်ဦးရှိနေပြီး သတ်မှတ်နေရာတွင် Home Quarantine ထားရှိကာ ဆေးကုသမှုခံယူနေလျက်ရှိကြောင်းနှင့် လတ်တလော အခြေအနေတွင် ထပ်တိုးအတည်ပြုလူနာနှင့် သေဆုံးသူမရှိကြောင်း သိရသည်။
ကိုကိုနိုင် (မိုင်းယု)