မြင်းခြံမြို့၌ အသက် နှစ်လမှ အသက်တစ်နှစ်ခွဲအတွင်း ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင် များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းများ ဆောင်ရွက်

မြင်းခြံ အောက်တိုဘာ ၈

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် အသက် နှစ်လမှ အသက် တစ်နှစ်ခွဲအတွင်း ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းများကို အောက်တိုဘာ လ (၄) ရက်နေ့မှ (၈) ရက်နေ့အထိ မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ဆေးထိုး ဆေးတိုက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ လစဉ်ပုံမှန် ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းအစီအစဉ်တွင် "မြင်းခြံမြို့ပေါ် ရပ်ကွက်များ နှင့် ကျေးရွာများရှိ အသက် နှစ်လမှ အသက်တစ်နှစ်ခွဲအတွင်း ကလေးငယ်များအား ဦးနှောက်အမှေး ရောင် ကာကွယ်ဆေး (BCG)၊ (၅) မျိုးစပ် ကာကွယ်ဆေး(Penta)၊ ပိုလီယိုသောက်ဆေး (OPV)၊ ပိုလီယိုကာကွယ်ထိုးဆေး (IPV)၊ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး (PCV)၊ ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေး (MR)များ တိုက်ကျွေးထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ အား မေးခိုင် ကာကွယ် ဆေး (Td) ထိုးနှံခြင်းများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း" မြင်းခြံခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ကပြော သည်။

"ယခုလို ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို လစဉ်ကာကွယ်ဆေးထိုးပေးတဲ့အတွက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်တွေအတွက် များစွာအကျိုးပြုပါတယ် နောက်လစဉ်လတိုင်း ထိုးနှံပေးတဲ့အတွက် ကျန်ရှိနေတဲ့ ကလေးငယ် များနှင့် ကိုယ်ဝန်ဆောင်မိခင်များ ကာကွယ်ဆေးများ လာရောက်ထိုးနှံကြဖို့ ပြောကြားလိုပါတယ်" ဟု ကာကွယ်ဆေး လာရောက်ထိုးနှံသူ မိခင်တစ်ဦးဖြစ်သည့် မကြည်ကြည်က ပြောသည်။

အသက် နှစ်လမှ အသက်တစ်နှစ်ခွဲအတွင်း ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင် များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းများကို လစဉ် ပုံမှန်ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။                                           

ကျော်စွာ(မြင်းခြံ)