မိုးမိတ် အောက်တိုဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မြို့နယ် အတွင်းရှိ စေတနာရှင်အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ဝယ်ယူထားသည့် အောက်ဆီဂျင်စက်မှာ တပ်ဆင်ပြီးစီးသွားပြီဖြစ်၍ စက်တင်ဘာ ၂၄ ရက်မှစတင်၍ လည်ပတ်ခဲ့ရာ ယနေ့အထိ လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး (၁၄၁)လုံးထုတ်လုပ်နိုင်ခဲ့ပြီး မိုးမိတ်မြို့နယ်ပြည်သူ့ဆေးရုံ ၊ မဘိမ်းပြည်သူ့ ဆေးရုံနှင့် ပရဟိတလူမှုကူညီရေးအသင်းများအား အခမဲ့ဖြည့်ပေးနိုင်ခဲ့ကြောင်းသိရသည်။
“ယနေ့တွင် မဘိမ်းပြည်သူ့ဆေးရုံမှ လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး (၂၀) လာရောက် လဲလှယ်ခဲ့ ပါတယ်။ ယခင်ကဆိုလျှင် မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့သို့ သွားရောက်လဲလှယ်ရ ပါတယ်။ မိုင်(၆၀)ကျော် သွားရောက်ရပါတယ်။ အခုတော့ ကျွန်တော်တို့ တစ်ခရိုင်ထဲမှာရှိတဲ့ မိုးမိတ်မြို့ မှာဘဲ အောက်ဆီဂျင်စက်ရုံရှိလာပြီဖြစ်တဲ့အတွက် သွားလာရလွယ်ကူပြီး အချိန်၊ ငွေကြေး ကုန်ကျမှု များစွာသက်သာလာပါတယ်”ဟု မဘိမ်းမြို့နယ်မှ အောက်ဆီဂျင်အိုး လာရောက်လဲလှယ်သူ ကိုဇော်မင်းထွေးက ပြောသည်။
အဆိုပါ အောက်ဆီဂျင်စက်၏ တန်ဖိုးမှာ ငွေကျပ်သိန်း ၇၅၀ ခန့်ရှိပြီး တစ်နာရီလျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး (၄)လုံးထုတ်လုပ်နိုင်မည်ဖြစ်ပြီး တစ်နေ့လျှင် ၁၀ နာရီ မောင်းနှင်၍ လီတာ ၄၀ ဆံ့ အိုး အလုံး ၄၀ ထုတ်လုပ်နိုင်သည်ဟု အောက်ဆီဂျင်စက်ရုံတွင် တာဝန်ထမ်းဆောင်သူ ဦးအောင်မျိုးမင်းက ပြောသည်။
မိုးမိတ်သား(ခရိုင်ပြန်/ဆက်)