မိတ္ထီလာ အောက်တိုဘာ ၈
မိတ္ထီလာမြို့နယ် ရွှေစစ်သည်ကျေးရွာအုပ်စု အောင်သာကျေးရွာတွင် ယမန်နေ့က ကိုဗစ် ၁၉ ရောဂါပိုးတွေ့လူနာ ၁၃၅ ဦး စစ်ဆေးတွေ့ရှိခဲ့၍ ယနေ့အောက်တိုဘာလ ၈ ရက်နေ့မှစတင်၍ အဆိုပါကျေးရွာအား Lockdown ချ အသွားအလာကန့်သတ်ထားရှိကြောင်းသိရသည်။ အောင်သာ ကျေးရွာမှာမြို့နယ် ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီရဲ့ လမ်းညွှန်မှုဖြင့် မေတ္တာရေကြည်ဆရာတော်နဲ့ မြို့နယ်အတွင်းက လူမှုကူညီရေးပရဟိတအသင်းတွေ ပူးပေါင်းဆောင်ရွက်မှုနဲ့ မနေ့က ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးဆောင်ရွက်ခဲ့ရာမှ ၁၃၅ ဦး ကိုဗစ်၁၉ရောဂါပိုးစစ်ဆေးတွေ့ရှိတာကြောင့် ကျေးရွာကို ဒီနေ့စတင်ပြီး Lockdown ချ အသွားအလာကန့်သတ်ထားပါတယ်။ အောင်သာကျေးရွာမှာ အိမ်ခြေ ၁၅ဝ ၊ လူဦးရေ ၇၁၄ ဦးရှိပြီး မနေ့က ၃၁၅ ဦးကို စစ်ဆေးရာမှာ ကိုရင်ငယ်တစ်ပါးအပါအဝင် ၁၃၅ ဦး မှာ ကိုဗစ်၁၉ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တာပါ။ ယခင်ရက်ကလည်း အောင်သာကျေးရွာမှာနေထိုင်တဲ့သူ ၁၂ ဦးမှာကိုဗစ်-၁၉ရောဂါ ပိုးစစ်ဆေးတွေ့ရှိ ထားပါတယ် ။ ဒီနေ့ကျန်ရှိတဲ့ အောင်သာကျေးရွာမှာ နေထိုင်သူအားလုံးကို မနေ့ကလိုပဲ Test kits များ ကိုဗစ် - ၁၉ ရောဂါပိုး ရှိမရှိ ဆက်လက် စစ်ဆေးမှာဖြစ်ပါတယ်ဟု မြို့နယ်ကိုဗစ်၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်နေသည့် ကျော်လူမှုကူညီရေး ပရဟိတအသင်းဥက္ကဋ္ဌ ဦးကျော် က ပြောသည်။
အဆိုပါအောင်သာကျေးရွာအား အောက်တိုဘာလ ၈ ရက်နေ့မှ အောက်တိုဘာလ ၁၈ ရက်နေ့အထိLockdownချ အသွားအလာ ကန့်သတ်ခြင်း ဖြစ်ပြီးကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိသူများအား သက်ဆိုင်ရာ ကိုဗစ်၁၉ရောဂါ ယာယီဆေးကုသရေးဌာနများသို့ ပို့ဆောင်၍ ကျန်းမာရေး စောင့်ရှောက်ပေးထားကြောင်းသိရသည်။
ချမ်းသာ