မိုင်းတုံ အောက်တိုဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ပန်ခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးခြင်းကို ယမန်နေ့က ဟိုပန်ကျေးရွာ အုပ်စု၊ (၅)မိုင်ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မိုင်းတုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများကကျေးရွာများအရောက် လိုက်လံ၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးခဲ့ရာ ဟိုပန်းကျေးရွာအုပ်စုရှိ (၅)မိုင်ကျေးရွာသို့ရောက်ရှိပြီး ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်းနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ စိစစ်ထုတ်ပေးခြင်းတို့ကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။
ယင်းကျေးရွာအုပ်စုရှိ ကျန်ရှိသော ကျေးရွာများကိုလည်း အောက်တိုဘာ ၂၀ ရက်နေ့အထိ ကွင်းဆင်း ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း မိုင်းတုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
ဝင်းဝင်းခိုင် (မိုင်းတုံ ပြန်/ဆက်)