ရေး အောက်တိုဘာ ၈
မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူ အသက်(၁၂)နှစ်မှ (၁၈)နှစ်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး အစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးမှ မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်မှ (၁၈)နှစ်ထိ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ဆေးထိုးစုရပ်(၁၁)ခု သတ်မှတ်ထားကြောင်း၊ ဆရာ/ဆရာမများမှ ကျောင်းသား၊ ကျောင်းသူများ၏ အုပ်ထိန်းသူ မိဘအား ကာကွယ်ဆေး လာရောက်ထိုးနှံပေးကြရေးအတွက် စည်းရုံးဆောင်ရွက်ကြရန်၊ ကျောင်းသား၊ ကျောင်းသူများမှ ကာကွယ်ဆေးလာရောက် ထိုးနှံသည့်အခါ မိဘများနှင့်အတူ လာရောက်ကြရန်၊ ကာကွယ်ဆေးထိုးသူများ စာရင်းသွင်း ဆောင်ရွက်ကြသည့်အခါ စနစ်တကျနှင့် ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဦးမင်းဌေးဦးက သတ်မှတ် ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေး ထိုးပေးသည့်အခါ သက်ဆိုင်ရာအဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့သည်။
ရေးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အလယ်တန်းနှင့် အထက်တန်း ကျောင်း သား၊ ကျောင်းသူ၊ စုစုပေါင်း (၈၃၆၇)ဦးအပ်နှံပြီး ကျောင်းတက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူ၊ စုစုပေါင်း (၈၁၁၅)ဦးထိရှိကြောင်း သိရသည်။
ခင်သိမ့်သိမ့်ရည်