တောင်ကြီး အောက်တိုဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ပေါ်တွင် မိုးရာသီများနှင့် ကျန်ရာသီများတွင်လည်း ရေနုတ်မြောင်းများတွင် ရေစီး၊ ရေလာကောင်းမွန်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ယမန်နေ့ နံနက်(၁၁)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ရုံးတွင် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှ လာရောက်ရှင်းလင်းကြောင်း သိရသည်။
ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက တောင်ကြီးမြို့အတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ်မှ ၂၀၂၀ -၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အထိ စုစုပေါင်းလုပ်ငန်း(၁၇)ခုအား ခွင့်ပြုငွေကျပ်(၃၁၇၇၂.၂၉)သိန်းဖြင့် ဆောင်ရွက် ထားရှိမှုအား ရှင်းလင်းရာ တောင်ကြီးမြို့ရှိ ဗိုလ်ချုပ်လမ်းတစ်လျှောက် ပင်မရေနုတ်မြောင်း ဆောင်ရွက်ခြင်းလုပ်ငန်း၊ မြင်းစီးရုပ်မှ သပြေပင်ပန်းခြံအထိ ဆောင်ရွက်ထားမှု၊ ဗိုလ်ချုပ်လမ်းတစ်လျှောက် ပင်မရေနုတ်မြောင်း ဆောင်ရွက်ခြင်းလုပ်ငန်း (မြင်းစီးရုပ်မှ သပြေပင်ပန်းခြံအထိ) လိုအပ်သည့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မြို့မရပ်ကွက် (ဘုရားကြီးအတက်လမ်းမှ မြောက်ကျောင်း၊ လမ်းဆုံတံတားအထိ) ရေထုတ်စနစ်ဆောင်ရွက်ခြင်းလုပ်ငန်း၊ အုတ်စီရေမြောင်း၊ တံတား(၃)စင်းအား ဆောင်ရွက်ထားရှိမှု၊ ယက္ကန်းကျောင်းအနီး ရေတလျှောက်ဖြင့် ရေလွှဲထုတ်ပြီး ရေမြောင်းပြုပြင် ဆောင်ရွက်ခြင်းလုပ်ငန်းများ၊ မင်္ဂလာဦးရပ်ကွက်၊ မြို့ဦးလမ်း (အရှေ့မြို့ပတ်လမ်းနှင့် ဇောတိကလမ်း အထိ) ရေမြောင်းနှင့် ရေမြောင်းဖုံး ပြုလုပ်ခြင်းလုပ်ငန်းနှင့် Box Culvert (၁)စင်း တည်ဆောက်ခြင်း၊ ရွှေတောင် ရပ်ကွက်၊ ဆရာစံလမ်း ကတ္တရာခင်းခြင်းနှင့် ရေမြောင်းဆောင်ရွက်ခြင်း လုပ်ငန်းများတို့ကို ရှင်းလင်းကြောင်း သိရသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိတို့သည် တောင်ကြီးမြို့ အထက (၁) ကျောင်းအနီး အရှေ့မြို့ပတ်လမ်းတွင် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ ကတ္တရာလမ်းပေါ်၌ ယာဥ်သွားမျဥ်းလမ်းကြောင်း ဆောင်ရွက်နေမှု၊ မြကန်သာရေကန် အနီးလမ်းနှင့် မလွတ်သည့် သစ်ပင်များ ရှင်းလင်းနေမှု၊ တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်း ညောင်ဖြူစခန်း ရပ်ကွက်ရှိ ကံ့ကော်တံတား ရေနုတ်မြောင်းများတွင် အမှိုက်များဆည်ယူနေမှုတို့ကို လှည့်လည်ကြည့်ရှုပြီး လိုအပ် သည်များကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)