မလှိုင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၂၉၄၇)ဦး ဆောင်ရွက် ပေးနိုင်

                                                    မလှိုင် ၊ အောက်တိုဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ၊ အိမ်ထောင်စု လူဦးရေ စာရင်းများကို ကွင်းဆင်း ၍ ၎င်း  ၊ ရုံးသို့ခေါ်ယူ၍ ၎င်း ဆောင်ရွက် ပေးလျှက်ရှိရာ ယမန်နေ့က ပန်းအိုင်ကျေး ရွာအုပ်စုအတွင်းမှ  နိုင်ငံသား ကတ်မရရှိသေးသူများ ကို မြို့နယ်ရုံးသို့ ခေါ်ယူ၍ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည် ။

ရှေးဦးစွာ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရန် လာရောက် သူများကို  လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ် ဦးစီးမှူး ဦးဌေးဝင်းက ပန်းခင်း စီမံချက်အကြောင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြား မရှိသေးသူများကို နိုင်ငံသား ကတ်ပြုလုပ် ပေးရသည့် ရည်ရွယ်ချက်၊ နိုင်ငံသား တစ်ဦးအနေဖြင့် ရရှိမည့် အကျိုးခံစားခွင့်များကို ရှင်းလင်း ပြောကြားပြီး ပန်းအိုင်ကျေးရွာမှ နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသေးသူ (၄၆) ဦး တို့အားနိုင်ငံသား စိစစ်ရေးကတ်ပြားများ  ဆောင်ရွက်ပေးခဲ့သည် ။

နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို ပန်းခင်းစီမံချက် ဖြင့် (၃.၅.၂ဝ၂၁ )မှ  စတင်ပြီး  ကွင်းဆင်း၍၎င်း ၊ ကိုဗစ် ကာလမှာ လူစု လူဝေးမဖြစ်စေရန် နှင့် ရုံးဝန်ထမ်း များအား ရောဂါကူးစက်မှု ကင်းဝေးစေရန် အချို့ကျေးရွာများကို ရုံးသို့ ခေါ်ယူ၍ ၎င်း ကိုဗစ်စည်းကမ်းချက် များနှင့်အညီ ဆောင်ရွက် ပေးလှျက်ရှိသည် ၊ မလှိုင်မြို့နယ်တွင် နိုင်ငံသားစီစစ်ရေးကတ်ပြားဆောင် ရွက် ပေးရန် (၁ဝ၆၂၁) ဦးရှိပြီး ဒီနေ့အထိ အသက် ၁၆ နှစ် နှင့် ၁၈ နှစ်အကြား (၃က) နှင့် အသက် ၁၈ နှစ် နှင့် အထက် (၆က) နိုင်ငံသား ကတ် မရ ရှိသေးသူ (၂၉၄၇) ဦးကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်းသိရသည် ။ 

အောင်ဌေး(မလှိုင် )